Pages

Tuesday, December 10, 2013

ဒီမိုကရေစီ မယဉ်ပါးတာလား အတ္တကိုယ်ကျိုးများတာလား ရှမ်းနီ လူကြီးမင်းများ

10.12.2013

ရှမ်းနီတွေ ဒီမိုကရေစီစနစ်နဲ့ ထိတွေ့မူမရှိခဲ့တာကတော့ ကမ္ဘာဦးအစ ကလို့ ပြောရမလောက်ပါပဲ။ ဘာဖြစ်လို့လည်း
ဆိုတော့ ဒီမိုကရေစီ စနစ်ဆိုတာ စုပေါင်းဦးဆောင်မူစနစ်နဲ့ အများဆန္ဒကို အကောင်အထည် ဖော်ရတာ မဟုတ်လား။ ရှမ်းနီတွေကိုယ့်မင်းကိုယ့်ချင်းနေထိုင်လာခဲ့တဲ့ မိုးကောင်းခေတ်တို့ မိုးညှင်းခေတ်တို့ကတည်းက သက်ဦးဆံပိုင်စနစ်နဲ့ နေလာခဲ့တာအားလုံးအသိပါ။ လွတ်လပ်ရေးရပြီးတော့လည်း ဖဆပလ မဆလ နအဖ န၀တ ဘယ်ခေတ်ပဲကြည့်ကြည့် ဒီမိုကရေစီလို့ ပြောရလောက်အောင်မရှိခဲ့ဖူးမဟုတ်လား။ 

နောက်ပြီးတော့လည်း ရှမ်းနီတွေ သမိုင်းမှာ ဘယ်လောက်ပဲ ထွန်းပြောင် ထွန်းပြောင် ဒီဘက်ခေတ် မှာတော့ နောက်မြှီးဆွဲ နိုင်ငံရေးလောက်ပဲ လုပ်နိုင်ခဲ့ကြတာလေ။ ဒီမိုကရေစီအခြေခံဖြစ်တဲ့ လူတိုင်းကိုယ့်အခွင့် အရေးကို ရယူပိုင်ခွင့်ဆိုတာ ရှမ်းနီတွေ ဘယ်မှာ ဖော်ဆောင်နိုင်ခဲ့လို့လည်း။ ရှမ်းနီလူကြီးအချို့သမိုင်းမှာ ကိုယ်ကျိုးစွန့်အနှစ်နာခံခဲ့ပေမယ့် ဒီမိုကရေစီ စနစ်ကိုတော့ မျိုးစေ့တောင် မချပြနိုင်ခဲ့ပါဘူး။ဒါကြောင့်ရှမ်းနီလူမျိုးတွေ ဒီမိုကရေစီနဲ့မယဉ်ပါးဘူးလို့ပြောချင်တာပါ။

အခုလည်းကြည့် ရှမ်းနီလူကြီးတစ်ချို့လုပ်နေပုံများ ဒီမိုကရေစီမဆန်ရုံမက အတ္တကိုယ်ကျိုး များနေသလား လို့တောင်ထင်စရာဖြစ်နေပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ စောစောကပြောသလို ဒီမိုကရေစီစနစ်ဆိုတာ အများဆန္ဒကို အနည်းစုကလိုက်နာပြီး အနည်းစုကိုအများစုက လေးစား ရတာပါ။ ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ကိုယ့်အထုပ်ကိုယ်ဖြေ။ လူကြီးတွေမိုက်တာ လူငယ်တွေ မျက်နှာ ပူစရာလည်းဖြစ်နေပါပေါ့ ဟရို့။ဘာပဲဖြစ်ဖြစ် အမျိုးသားရေးမှာ လူကြီးလူငယ်မရှိဘူး။ အမျိုးသား အကျိုးစီးပွဲားပဲရှိတယ်ဆိုတော့ ရှေ့မျက်နှာနောက်ထား လူကြီးမှားတာ လူငယ်ဝေဖန်ရတော့မှာပဲ။ ဒီလိုမဝေဖန်ခင် လွန်တာရှိဝန္တာမိ ပါလို့တော့ပြောပါရစေ။

ဖြစ်ပုံကဒီလိုပါ။ ရှမ်းနီတွေ သမိုင်းကောင်းခဲ့ပေမယ့် တိုင်းပြည်အတွက် အများကြီးပေးဆပ်ခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တိုင်းရင်းသားအခွင့်အရေးမရခဲ့တာ ကမ္ဘာအသိပါ။ နည်းနည်း ထပ်ပြောရရင် အင်အားကြီးတဲ့တိုင်းရင်းသားဖြစ်ပေမယ့် ကိုယ့်နာမည်မှန်တောင် သတ်မှတ် မခံရတာ အားလုံးအသိပဲမဟုတ်လား။

ဘာဖြစ်လို့လည်းဆိုတော့ သျှမ်းလို တိုင်းလျဲန်/ တိုင်းနိုင်းဆိုတာ ဗမာလိုပြန်ရင် ရှမ်းနီ လို့အဓိပ္ပာယ် ရပါတယ်။ဘာလို့ရှမ်းနီလို့ခေါ်တာလည်းဆိုတာတော့ သမိုင်းအရဖြစ်တည်လာခဲ့တာလို့ပဲ မသိသေးသူတွေ မှတ်ထားလိုက်ပါ။ဆိုလိုတာက ရှမ်းနီလို့ပြောရင် ရှမ်းအချင်းချင်း တိုင်းလျဲန်/တိုင်းနိုင်း ကိုခေါ်တာပဲဆိုတာ အားလုံးအသိပါ။

ဆိုးတာက အဲ့လိုသိပေမယ့် ကိုယ့်နာမည်မှန်ကို ကိုယ်မခေါ်ရဲတဲ့ဘ၀ကို လွတ်လပ်ရေးရပြီးနောက်ပိုင်းမှဖြစ်လာခဲ့တာပါ။ ရှမ်းနီဆိုရင် သူပုန်ဆိုပြီး ဦးနေ၀င်းလက်ထက်ကနေ န၀တ အစိုးရလက်ထက်အထိ ၀ါဒဖြန့်ခဲက တာကလည်း ကိုယ့်နာမည်ကိုယ်မခေါ်ရဲတဲ့ဘ၀ကို ရှမ်းနီတွေ ရောက်ခဲ့ရတာပါ။ ဒါကြောင့် ရှမ်းနီမဟုတ်တဲ့ တိုင်းလိုင်(မြေလပ်ရှမ်း) ၊ ရှမ်းဗမာ ၊ ရှမ်းကလေးဆိုပြီး နာမည်အမျိုးမျိုးနဲ့ လင်းနို့ဖြစ်လိုက် ကြွက်ဖြစ်လိုက်နဲ့နေလာခဲ့တာပါ။

ဒီနေ့အချိန်မှာတော့ ရှမ်းနီ သမိုင်းကို ရှမ်းနီတွေရေးဖို့အလှည့်ရောက်လာပါပြီ။ ရှမ်းနီလို့ခေါ်ရဲတဲ့ အဆင့်ရောက်လာပါပြီ။ အဲ့လိုခေါ်ဖို့လည်း ၂၀၁၃ မတ်လ (၁၇) ရက်နေ့မှာတစ်ကြိမ်၊ ၂၀၁၃ ဇူလိုင်လ (၇) ရက်နေ့မှာတစ်ကြိမ် မန္တလေးမြို့မှာ ဧရာဝတီမြစ်ရိုး၊ သံလမ်းရိုး၊ ချင်းတွင်းမြစ်ရိုးက ဂုဏ်သရေရှိ ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တေ၊ွ ပါတီတွေ၊ ဒေသကိုယ်စားလှယ် တွေတွေ့ ဆုံပြီး နှစ်ကြိမ်တိတိစည်းဝေးဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒါဟာ ရှမ်းနီတွေ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ကြတာပဲလို့ ရှမ်းနီလေးလည်း ၀မ်းသာပီတိဖြစ်ရပါတယ်။ ဒါပေမယ့် အဲ့ဒီအစည်းအဝေးမှာ ကိုယ့်အယူအဆကို သဘောတူခွင့်မရခဲ့တဲ့ ရှမ်းနီလူကြီးမင်းအချို့က အစည်းဝေးနောက်ပိုင်း အစည်းဝေးဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ခဲ့ တာကိုတော့ ၀မ်းနည်းမိပါတယ်။ ခက်တာက အဲ့ဒီလူကြီးတွေက ရှမ်းနီလေးတို့ ကိုအမျိုးသားရေးအသိတွေ ဦးဆောင်လမ်းပြပေးခဲ့သူတွေဖြစ်နေတော့ ရှမ်းနီလေးတို့မှာလည်း ပြောရခက်နေပါတယ်။ ဒါပေမယ့်အခုနေခါမှာတော့ မပြောလို့မရတော့တဲ့အနေအထား အရုပ်ဆိုးတဲ့ အမျိုးသားရေး ၀ိဝါဒတွေဖြစ်အောင်လုပ်လာကြတော့ ရှမ်းနီလေးတို့လူငယ်တွေလည်း အမျိုးသားမျက်နှာပဲကြည့်ရတော့မှာပဲ။

အများသဘောတူဆုံးဖြတ်ထားတဲ့ ကိစ္စကို မလိုက်နာနိုင်တာကို ရှမ်းနီလေးတို့ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို အနှောက်အယှက်ပေး အုပ်စုဖွဲ့နေတာကတော့ ဒီမိုကရေစီကို မလိုက်နာနိုင်တဲ့ အာဏာရှင် လိုလားတဲ့ အမူအကျင့်ဖြစ်တဲ့အပြင် ကိုယ့်အမျိုးသားကို ဖျက်ဆီးနေတာပဲ လို့ပဲရှမ်းနီလေးတို့ လူငယ်တွေကတော့ယူဆပါတယ်။ 

နောက်ပြီးပြောချင်ပါသေးတယ်။ အများစုပါဝင်လာနိုင်တဲ့အနေအထားကို လက်မခံနိုင်တာ ကိုယ်ကျိုးစီးပွားကြောင့်လား ရာထူးကျမှာစိုးလို့လားလို့ မေးချင်ပါတယ်။ 

အဲ့လိုမေးလို့ရနိုင်တဲ့အချက်အလက်တွေလည်း ရှမ်းနီလေးတို့မှာ ရှိပါတယ်။ တည့်တည့်ပြောရရင် စာပေယဉ်ကျေးမူဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်း ရမယ်လို့ ခေတ်ဟောင်းအတွေးအခေါ်တွေ လူထုကို ချပြပြီး ကိုယ်တိုင်က ပါတီစည်းရုံးရေးတွေလုပ်နေတဲ့ ရှမ်းနီလူကြီးမင်းတွေ။ လူထုကို စည်းရုံး သလိုနဲ့ ခုတစ်မျိုးပြောပြီး ဆယ်ရက်မပြည့်ခင်တစ်မျိုးပြောတဲ့ ရှမ်းနီ နောက်မြှီးဆွဲသမားလူကြီးမင်းတွေဘာအတွက်အဲ့လိုလုပ်တာလည်းလို့မေးချင်ပါတယ်။

နောက်ပြီး ကိုယ်တာဝန်ယူထားတဲ့အဖွဲ့မှာ တိုးတက်တဲ့အတွေးအခေါ်မရှိပဲ တစ်သက်လုံး ဖယ်မပေး ပဲနေသွားချင်တာကဘာအတွက်လည်း အသက်လည်းကြီးကြပါပြီ နောက်လူတွေကိုလည်း နေရာကြပါလို့ပဲ လူငယ်ပီပီ ပြောင်ပြောင်ပြောပါရစေ။

တစ်ချိန်ကလုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ပြောင်းလဲလာတဲ့ခေတ်ကာလအလိုက် အတွေးအခေါ်တွေ မပြောင်းလဲ နိုင်သေး ရင်တော့ ရှမ်းနီလေးတို့က ထောက်ခံမှာ မဟုတ်ဘူးလို့ လည်း ပြောချင်ပါတယ်။

အထူးသဖြင့် အများညီရင် ကေသရာဇာခြင်္သေ့မင်းကိုတောင် ကြွက်ငယ်တွေ က အနိုင်ရနိုင်တယ်ဆိုသလို အမျိုးသားအကျိုးစီးပွားအတွက် ဒီမိုကရေစီ စနစ်ကို လိုက်နာမူမရှိရင်တော့ ရှမ်းနီလေးတို့ သမိုင်းကို ဖျက်ဆီးသလိုဖြစ် နေတာမို့ မှန်မှန်ကန်ကန် ဝေဖန်သုံသပ်ပြီး ပြုပြင်ပေးကြပါတော့လို့ပဲ ရှမ်းနီလေးတော့ ပြောလိုက်ချင်ပါတယ်။

By= ရှမ်းနီလေး

No comments:

Post a Comment