Pages

Wednesday, December 4, 2013

ပုဂံညောင်ဦး ဒေသခံ လူမှုရေး အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးတို့ တွေ့ဆုံ

ပုဂံညောင်ဦးမြို့ရှိ ဒေသခံ လူမှုရေး အသင်းအဖွဲ့များသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး၏ စီစဉ်ဖိတ်ကြားမှုဖြင့် ပုဂံသံတဲဟိုတယ် Riverside Garden တွင် ဒီဇင်ဘာ ၂ ရက် ည ၇ နာရီက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၏ ဧည့်ခံတွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick က တက်ရောက်လာသူများကို ကျေးဇူးတင်ရှိကြောင်း၊ ပုဂံ၏ အလှကို မြန်မာတွင်သာမက ကမ္ဘာကပါ အသိအမှတ်ပြုကြောင်း၊ ပုဂံသို့ ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့် ခရီးသွား အများအပြား လာရောက် သည်ကို တွေ့ရကြောင်း၊ နောက်နှစ်များတွင်လည်း စီးပွားရေး လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို လာမည်ဟု မျှော်လင့်ပါကြောင်း၊ ယခုလို ဗြိတိသျှ သံရုံးမှ ပုဂံသို့ လာရောက်ခြင်းသည် နောင်လာမည့် ခရီးစဉ်များအတွက် အစပင်ဖြစ်သည်ဟု ယူဆကြောင်း ပြောကြားသည်။ ထို့ပြင် ပုဂံသို့ လာရောက်ခြင်း၏ ရည်ရွယ်ချက် တစ်ခုမှာ ဗြိတိန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများကို အများသိအောင် ဆောင်ရွက်ပေးခြင်းလည်း ပါဝင်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ အသင်းအကြောင်း သံအမတ်ကြီးက စိတ်ဝင်တစား မေးပါတယ်။ လူနာတင်ယာဉ် ကားလေးစီးရဖို့ (၁၃) နှစ် ကြာအောင် ဆောင်ရွက်ခဲ့ရတယ်ဆိုတော့ သူအံ့သြသွားတယ်။ ပုဂံမှာ နိုင်ငံခြား တချို့လူနာတင်ကားခေါ်လို့ သွားရင် ကားကြည့်ပြီး မပြည်စုံလို့ဆိုပြီး မလိုက်ချင်ကြဘူးလို့။ ဧည့်လမ်းညွှန်က အသင်းတွေ ရပ်တည်နေကြရပုံ ရှင်းပြမှ သူတို့က နားလည်ကြတယ်လို့ သံအမတ်ကြီးကို ဧည့်လမ်းညွှန်ကတစ်ဆင့် ပြောပြခဲ့ပါတယ်" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသော ညောင်ဦးမြင့်မြတ်သူ အသင်း ဘဏ္ဍာရေးမှူး ဦးအောင်ငြိမ်းက ပြောကြားသည်။

တွေ့ဆုံပွဲသို့ လူမှုရေး အသင်းများအပြင် အခမဲ့ ပညာဒါနကျောင်း၊ ဧည့်လမ်းညွှန်အသင်း၊ ခရီးသွား လုပ်ငန်းရှင်များ အသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း၊ သံအမတ်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၃ ရက်တွင် ပခုက္ကူဘက်၌ Action Aid အဖွဲ့မှ ဆောင်ရွက်နေသော စီမံကိန်း လုပ်ငန်းအချို့ကို သွားရောက်ကြည့်ရှုမည် ဖြစ်သည်။

EMG

No comments:

Post a Comment