Pages

Monday, December 23, 2013

တက္ကသိုလ် ဗဟိုကောင်စီမူကြမ်း တက္ကသိုလ်ဆရာ၊ ဆရာမအသင်း ကန့်ကွက်

23.12.2013

ပညာရေး ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ရေးဆွဲထားသော တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး (မူကြမ်း) သည် ဒီမိုကရေစီ နည်းစနစ်နှင့် ကိုက်ညီမှု မရှိဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တက္ကသိုလ်များ ဆရာ၊ ဆရာမ အသင်းက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

ဝန်ကြီးဌာနက တာဝန်ရှိသူများ ရေးဆွဲနေသော တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး (မူကြမ်း) ကို ရန်ကုန် တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမတွင် ဒီဇင်ဘာလ၂၀ ရက်နေ့တွင် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ပထမဆုံးအကြိမ် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းမူကြမ်းတွင် အဆင့်မြင့် ပညာရေးကဏ္ဍ၏ အဓိက သက်ဆိုင်သူ ကျောင်းသား ကျောင်းသူများနှင့် မိဘ၊ ဆရာများ ပါဝင်ခွင့် မပေးဘဲ ရေးဆွဲထားသော မူကြမ်းသာ ဖြစ်သည့်အပြင် မူကြမ်းပါ တက္ကသိုလ် ကောင်စီသည် အာဏာရှင်စနစ် ဆက်လက် တည်တံ့စေရန်နှင့် ဗဟိုချုပ်ကိုင်မှုကို ဆက်လက် ဖြစ်ပေါ်စေရန် ရည်ရွယ်ပုံ ပေါ်ကြောင်း အသင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တက္ကသိုလ် သင်ကြားရေးနှင့် သုတေသန လွတ်လပ်ခွင့်ကို ဗဟိုကောင်စီက ထိန်းချုပ်သည့် ပုံစံပေါ်လွင်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ဖြစ်ပေါ်ရေးကို ဟန့်တားနေ၍ ကန့်ကွက်ကြောင်း ကြေညာချက်တွင် တင်ပြသွားသည်။

အစိုးရအဆက်ဆက် ပညာရေး ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက် နေသော်လည်း အများစုမှာ စမ်းသပ်ပညာရေး အဖြစ်သာ ရှိပြီး ပညာရေး အဆင့်အတန်းမှာလည်း ဒေသတွင်း နိုင်ငံများ ထက် နိမ့်ကျနေကြောင်း တက္ကသိုလ်များ ဆရာ၊ ဆရာမအသင်း ထုတ်ပြန်ချက်အရ သိရသည်။

တက္ကသိုလ် ဗဟိုကောင်စီ မူကြမ်း ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းတွင် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)၊ ရတနာပုံ တက္ကသိုလ်၊ စစ်တွေ တက္ကသိုလ်နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ ပါဝင်သည်။

The Voice

No comments:

Post a Comment