Pages

Thursday, December 5, 2013

မြန်မာနှင့် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် သဘောတူညီချက်ငါးခု လက်မှတ်ထိုးမည်


5.12.2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဖိလစ်ပိုင် ခရီးစဉ်အတွင်း မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် သဘောတူညီချက် ငါးခုကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရ သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့က စတင်သည့် သမ္မတဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ရိက္ခာဖူလုံရေးကဏ္ဍ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ သတင်းမီဒီယာ ကဏ္ဍနှင့် နှစ်နိုင်ငံဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် ငါးရပ်ကို လက်မှတ်ရေးထိုးမည် ဖြစ်သည်။“ပြီးတော့ နှစ်နိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်တွေ အကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေ ချဲ့ထွင်ဖို့ သဘောတူလက်မှတ် ရေးထိုးပါမယ်” ဟု ဖိလစ်ပိုင် သမ္မတရုံး ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် Sonny Coloma က ထုတ်ပြန် ပြောကြားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်သည် မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် ကမ္ဘာ့အပြင်းထန်ဆုံး ဆိုင်ကလုန်း မုန်တိုင်း ဟိုင်ယန် ဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားရောက်မည့်အပြင် အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသန အင်စတီကျုသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

သမ္မတဦးသိန်းစိန်မှာ မြန်မာနိုင်ငံ၌ ဇွန်လက ကျင်းပသည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံရောက် ပထမဆုံး ဖိလစ်ပိုင် ခေါင်းဆောင်သမ္မတ မစ္စတာဘီနင်နို အက်စ်အကွီနို (၃) ၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်၊ ဦးမြင့်လှိုင်၊ ဦးဇေယျာအောင် ၊ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဒေါက်တာ ဝင်းမြင့် ၊ ဒေါက်တာသန်းအောင်တို့ လိုက်ပါသွားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အတွက် မြန်မာနှင့် ဗီယက်နမ်တို့ အောက်တိုဘာလအတွင်း သဘောတူညီခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မူ ဆွေးနွေးနေဆဲ ဖြစ်သည်။

The  Voice  Weekly

No comments:

Post a Comment