Pages

Tuesday, December 17, 2013

ယာဉ်တိုက်မှုတစ်ခုတွင်ယာဉ်မောင်းနှင့်အလုပ်သမားမှား၍ အမှုဖွင့်

17.12.2013

လားရှိုးမြို့တွင် ယာဉ်တိုက်မှုတစ်ခု၌ ပေါင်ဖြတ်ပစ်ခဲ့ရသူ ခရီးသည်တစ်ဦးကို ယာဉ်မောင်းထင်မှတ်ကာ မှားယွင်း၍အမှုဖွင့်ခဲ့သော မှုခင်းတစ်ရပ်အား ဒီဇင်ဘာ(၁၂)ရက်နေ့က လားရှိုးမြို့နယ်တရားရုံးသို့ တရားစွဲတင် ပို့လာကြောင်းဥပဒေအဖွဲ့ တာဝန်ရှိ သူတစ်ဦးထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့်စက်တင်ဘာ(၃၀)ရက်နေ့ကလားရှိုးမြို့ ရပ်ကွက်(၅)နယ်မြေ(၁၉) ဓမ္မရိပ်သာလမ်းနှင့် မန်အိုင်လမ်းထောင့် တွင် ထင်းများ တင်ဆောင်လာသည့် ထော်လာဂျီယာဉ် တစ်စီးမှာ အရှိန်လွန်ကာ လမ်းဘေး၌ ရပ်ထားသော(၆)ဘီးတပ် ယာဉ်တစ်စီး ၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိပြီး ဈေးဆိုင်တစ်ခုကို ထပ်ဆင့်တိုက်ခိုက်မိကာ ယာဉ်မှာ ရပ်တန့်သွားသည်ဟု အခင်း ဖြစ်စဉ်မျက်မြင် သက်သေများ၏ ပြောပြချက်အရ သိရသည်။

အခင်းဖြစ်နေရာသို့တာဝန်ရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ရောက်လာချိန်တွင် ယာဉ်ပေါ်မှခရီးသည် များအားပတ်ဝန်းကျင်ရှိ လူတွေမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်သော်လည်း၊ အိုက်စံဆိုသူမှာ ယာဉ်၏ ရှေ့ခန်း၌ ခြေထောက်မှာ ထိုင်ခုံဖြင့် ညှက်နေပြီး ဒဏ်ရာများနှင့် တွေ့ရသောကြောင့် အိုက်စံဆိုသူအား ယာဉ်မောင်းထင်မှတ်ကာ အမှုဖွင့် အရေး ယူတိုင်ကြားခဲ့သည် ။

အဆိုပါအခင်းဖြစ်ပြီးနောက်တစ်နေ့တွင် အမှုစစ်အရာရှိမှ ဆေးရုံမှာရှိတဲ့ ယာဉ်ပေါ်ပါသည့် ခရီးသည်များအား သွားရောက် စစ်ဆေးသော အချိန်တွင်မှ ထော်လာဂျီယာဉ်မောင်းမှာ အိုက်စံ ဆိုသူမဟုတ်ဘဲ၊ ဆေးရုံ၌ တက်ရောက် ဆေးကုသနေသော လျန်းပန် ဆိုသူဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကားရှေ့ခန်းမှာလည်းတွေ့ရတယ်၊သူကပလောင်တိုင်းရင်းသားဆိုတော့ ဗမာစကားလည်းမတတ်ဘူး၊သူ့ကိုဘဲ ယာဉ်မောင်း ထင်ပြီး အမှုမှားဖွင့်မိတာပါ” ဟု ၄င်းယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးမှဆက်လက်ပြောသည်။

ထိုသို့မှားယွင်းအမှုစွဲဆိုခံရသူ အိုက်စံ မှာလားရှိုးမြို့နယ် လုံရမ်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အခင်းဖြစ်သည့်နေ့က ယာဉ်ပေါ်မှ ထင်းများကိုအတင်အချပြုလုပ်ရန်အလုပ်သမားအဖြစ်လိုက်ပါလာခြင်းဖြစ်ကြောင်းယာဉ်တိုက်မှုတွင်ရရှိသော ဒဏ်ရာ များကြောင့် ၊ ညာဘက်ခြေထောက်မှာပေါင်လည်မှဖြတ်တောက်ပစ်ခဲ့ရကြောင်း၊ လားရှိုးဆေးရုံတွင်၂၅)ရက် တက်ရောက် ၍ဆေးကုသ ခဲ့ရ ကြောင်း အိုက်စံကပြောသည်။

“ကျွန်တော်တို့တပ်ဖွဲ့ အနေနဲ့မှားယွင်းအမှုဖွင့်မိတယ်ဆိုတာ တင်ပြပါတယ်၊မြို့နယ်ဥပဒေရုံးအနေနဲ့ ဒီနှစ်ယောက်စလုံး တရားစွဲဖို့အ ကြံပြုတဲ့အတွက် တရားခံ နှစ်ယောက်ဖြစ်သွားတာပါ”ဟု အမှုစစ်အရာရှိက ပြောသည်။

အဆိုပါအမှုကို လားရှိုးမြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှုအမှတ်-၆၅၃၅ အဖြစ်လက်ခံ စစ်ဆေးကာ မှားယွင်းတရားစွဲဆို ခံရသည့် အိုက်စံ အား ၄င်းနေ့မှာပင် အမှုမှလွှတ်သည့် အမိန့် ချမှတ်ပေးခဲ့ကြောင်း လားရှိုးမြို့နယ် ဥပဒေရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မနုဿဇေယျာ (လားရှိုး)
The Myanma Age

No comments:

Post a Comment