Pages

Saturday, December 7, 2013

ဆီးဂိမ်းကိုဂုဏ်ပြုကာ ဧရာဝတီမြစ်အား တစ်ကိုယ်တော် လက်ပစ်ကူး

7.12.2013

မုံရွာ၊ မဇ္ဈိမ။ ။ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် နေထိုင်သော အသက် ၅၈နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် တစ်မိုင်ကျော်ကျယ်သော ဧရာဝတီမြစ်ကို ဒီဇင်ဘာလ ၆ရက် နံနက် ၁၀နာရီခန့်က အသွားအပြန်လက်ပစ်ကူးဂုဏ်ပြုခဲ့သည်ဟု မြင်းမူမြို့နယ် အားကစားနှင့် ကာယဗလ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ အမျိုးသားကြီးသည် မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်း ထာဝရကျောင်းသားကြီး၊ ST သိုင်းရိုင်းဖြူ (ခ) ဘကြီး ၊ ဗိုလ်ကြီး(ခ) ဦးသိန်းဇော်ဖြစ်ပြီး မြင်းမူမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

သိုင်းရိုင်းဖြူ(ခ) ဘကြီးသည် ဒီဇင်ဘာလ ၆ရက် နံနက် ၁၀ နာရီတွင် မြင်းမူမြို့၊ ညောင်ဦးဖီးဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြီးကို မိကျောင်းကူးနည်းဖြင့် လက်ပစ်ကူးစွမ်းရည်ပြသခဲ့ပြီး မနက် ၁၁ နာရီ ၅၅ မိနစ် တွင် မြစ်တစ်ဘက်ကမ်းရှိ ငါန်ဇွန်မြို့နယ်၊ ရေလည်သောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

ထိုဆိပ်ကမ်းတွင် ခေတ္တ အနားယူပြီးနောက် ဘကြီးသည် နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ငါန်ဇွန်မြို့နယ်၊ ရဲပဒိုင်း ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကို ပြန်လည်ကူးခတ်လာခဲ့ရာ နေ့လည် ၁ နာရီ ၁၅မိနစ်တွင် မြင်းမူမြို့နယ်၊ အာသောကရပ်ကွက်၊ သုံးအိမ်တန်း ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

ယင်းသို့ တစ်ကိုယ်တော် စွမ်းရည်ပြကာ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုခဲ့ခြင်း ကိုဒေသခံ (၅၀၀)ကျော်က လာရောက် ကြည့်ရှုခဲ့ပြီး ဆုငွေချီးမြှင့်မှုများလည်း ရှိခဲ့သည်ဟု အားကစားနှင့် ကာယဗလအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

Mizzima

No comments:

Post a Comment