26.12.2013
ရန်ကုန်မြို့တော်၌ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြုလုပ်မည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစည်း အဝေးကို အိန္ဒိယနိုင်ငံဘက်မှ ရွှေ့ဆိုင်းခဲ့ကြောင်း တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလင်း က The Voice သို့ ပြောကြားသည်။
“အဲဒီလို ရွှေ့ဆိုင်းလိုက်တော့ ဒီမှာ ဖြစ်နေတဲ့ ကိစ္စအတွက် သူတို့ဘက်က လုပ်ဆောင်နေတာတွေ အမြန် ပြီးဖို့ အချိန်ရသွားမယ် ထင်တယ်” ဟု ၎င်းကဆိုသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ပထမပတ် (သို့) ဒုတိယပတ်သို့ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်ပြီး အဆိုပါ အစည်း အဝေးတွင် လက်ရှိ နယ်စပ်တွင် ဖြစ်ပေါ်နေသော အငြင်းပွား နယ်မြေအပေါ် အိန္ဒိယ အစိုးရဘက်မှ စစ်ဆေးရေးဂိတ် အဆောက်အအုံ တည်ဆောက်နေမှုတွင် မြန်မာဘက်သို့ မြေများ ကျူးကျော်စုပုံနေမှု ကိစ္စအား ဆွေးနွေးဖြစ်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကလည်း ချစ်ကြည်ပြီးသား နှစ်နိုင်ငံ၏ ချစ်ကြည်ရေး မပျက်ပြားစေရန်အတွက် အမြန်ဆုံး ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအဖွဲ့ ဖွဲ့ကာ ဆောင်ရွက်ရန် ညွှန်ကြား ချက် ပေးထားပြီး ဖြစ်ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း တမူးခရိုင်အဆင့် တာဝန်ရှိသူများ၏ ပြောကြား ချက်အရ သိရသည်။
နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရန် သဘောတူညီမှု မရရှိသေးသော နယ်စပ် နယ်နိမိတ် မှတ်တိုင် BP-77 နှင့် 78 ကြားတွင် စစ်ဆေးရေးဂိတ် (Integrated Check Post – ICP) တည်ဆောက်ရန်အတွက် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ရှိ အမှတ် (၉) အာသံတပ်ရင်းမှ ဦးဆောင်ကာ မြေပြုပြင် နေခြင်းများအား ဒီဇင်ဘာလဆန်းပိုင်းမှ စတင်လုပ်ဆောင်နေခဲ့ပြီး စွန့်ပစ် မြေစာများကို မြန်မာ့ပိုင်နက်ဘက်သို့ ကျူးကျော်စုပုံ နေခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်မှ ကန့်ကွက်စာ (၁၃) ကြိမ်၊ လူတွေ့ ဆုံကန့်ကွက်မှု (၃) ကြိမ် ပြုလုပ်ခဲ့ပြီး ဒေသခံများမှလည်း ကျူးကျော်မြေ ပြုပြင်ခြင်း ရပ်ဆိုင်းရန် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လူအင်အား ၂၀၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
The Voice Weekly

No comments:
Post a Comment