Pages

Saturday, December 7, 2013

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ရေးဆွဲပြီးဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီက အဆိုပါ မူကြမ်း နောက်ဆုံး အဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ယင်းကော်မတီ၏ အကြံပေး တာဝန်ခံ NLD ပညာရေး ကော်မတီမှ ဒေါက်တာသိန်းလွင် က The Voice သို့ ပြောကြားသည်။

ယင်းမူကြမ်းကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့က နိုဝင်ဘာလတွင် အတည်ပြုထားပြီး ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အဆင့်မြှင့်ပညာရေး ကဏ္ဍတစ်ခုလုံး ခြုံငုံ ရေးဆွဲထားသော တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း ရေးဆွဲ ပြီးသော်လည်း ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲနေသည့် အမျိုးသားပညာရေး ဥပဒေမူကြမ်း အတည်ပြုပြီးမှသာ ပြင်ဆင်မှုများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ဆိုသည်။
“အရေးကြီးဆုံးက အမျိုးသားပညာရေး ဥပဒေပါ။ သူနဲ့ ဆက်စပ်ပြီးတော့မှ တက္ကသိုလ် ပညာရေး ဥပဒေကို ဆက်လုပ်ရဖို့ လိုတယ်” ဟု ၎င်းကအကြံပြု ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ လွှတ်တော်တို့အကြား သီးခြားရေး ဆွဲလျက် ရှိပြီး ၎င်းတို့ နှစ်ဖက် အဖွဲ့အစည်းများက လာမည့် ၂၀၁၄ ခုနှစ်တွင် အဆိုပါ ဥပဒေ မူကြမ်း နှစ်ခု လုံးကို အပြီးသတ် သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိ အချိန်တွင် ပညာရေးမြှင့်တင်မှု ကော်မတီက အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲရေးကွန်ရက် (NNER) နှင့် ပူးပေါင်း ရေးဆွဲလျက်ရှိပြီး မူကြမ်းတွင် ထည့်သွင်းမည့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍတို့အတွက်မူ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

The  Voice

No comments:

Post a Comment