Pages

Wednesday, December 18, 2013

သီပေါမြို့နယ်အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကျင်းပ



18.12.2013

သီပေါမြို့နယ်အတွင်း (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲအား ပန်းတိမ်တောင် ရပ်ကွက် ၊ အောင် မင်္ဂလာ ဘိုးတော်ကျောင်းတိုက်တွင် ဒီဇင်ဘာလ(၁၃)ရက်နေ့မှ စတင်ကာ (၁၇)ရက်နေ့အထိ (၅)ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရှိရသည်။

အဆိုပါပွဲသို့သီပေါမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ဒေသခံများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြပြီး ကျေးရွာအလိုက် ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခဲ့ ကြကြောင်းသိရှိရသည်။

"ပွဲရည်ရွယ်ချက်ကတော့ ဗုဒ္ဓစွယ်တော်ကို ပူဇော်ရင်း သာသနာထွန်းကားမှုကို ထိန်းသိမ်းဖို့၊ လူငယ်တွေ ဘာသာရေးမှာ စိတ်ပါဝင် စာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ '' ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးဦးမြသန်းမှ ပြောသည်။

သီပေါမြို့ အောင်မင်္ဂလာကျောင်းတိုက်အတွင်းရှိဗုဒ္ဓစွယ်တော် မှာ သီရိလင်္ကာနိုင်ငံမှ စွယ်တော် ပွားဖြစ်ပြီး(၁၂၅၄)ခုနှစ် အုန်းဘောင်စော်ဘွား (၈၅)ဆက်မြောက် စော်ဘွားကြီး စ၀်ကြာခိုင် (ခေါ်)စ၀်ခွန်ကြာခိုင် သီဟိုဠ် နိုင်ငံသို့ ရောက်ရှိစဉ် စွယ်တော်မြတ်အစစ်အားဖူးတွေ့ခဲ့ပြီး အများပြည်သူ ကြည်ညိုပူဇော်နိုင်ရန်စွယ်တော်ပွားတစ်ဆူနှင့် ဓါတ်တော်များအား ဓမ္မလက်ဆောင်အဖြစ် တောင်းခံရာ သီဟိုဠ် သာသာနာပိုင် ဆရာတော်ကြီးများမှ ပေးအပ်၍ပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းကြောင်းများ အရ သိရှိရသည်။

"ပွဲကတော့ နှစ်တိုင်းလုပ်ပါတယ်။ ပွဲမလုပ်ခင်မှာ စွယ်တော်ကိုဒေသအတွင်း ဒေသစာရီ ကြွချီတယ်၊ နှစ်စဉ် နတ်တော်လဆန်း (၁)ရက်ကစပြီး လှည့်လည်တယ်၊ပြီးရင် ဒီကျောင်းမှာပဲ လာဆုံကြတယ် '' ပွဲတာဝန်ခံ များမှ ရှင်းပြသည်။

ပွဲအတွင်း ဒေသအသီးသီးမှ လာရောက်ရောင်းချသော ဈေးသည်များ၊ပွဲလာပရိသတ်များဖြင့် အထူး စည်ကားခဲ့ပြီး ကျေးရွာအသီးသီးမှ ယဉ်ကျေးမှုအဖွဲ့များ၊အကအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

No comments:

Post a Comment