Pages

Wednesday, December 18, 2013

သုံးဆယ်ကျေးရွာလွတ်လပ်ရေးကျောက်တိုင် ပြန်လည်ပြင်ဆင်



18.12.2013

နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာအတွင်း ဦးနုလက်ထက်ပြန်လည်ပြင်ဆင်ခဲ့သော ကြယ်ငါးလုံးပါ လွတ်လပ်ရေးကျောက်တိုင်အားဒေသခံလူငယ်များ စုပေါင်း၍ ပြန်လည်ပြင်ဆင်လျက်ရှိနေကြောင်း သိရှိ ရသည်။

အဆိုပါကျောက်တိုင်အား ၁၉၅၅ ခုနှစ်တွင် ယခင်သမိုင်းဝင် ရွှေဆံဦးဘုရားအနောက်ဖက်မှနေ၍ ယခု ရွှေဆံဦးဘုရား အရှေ့ဖက်သို့ရွှေ့ပြောင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

"အရင်တုန်းက ကျောက်တိုင်ပုံစံက ပြင်ဦးလွင်မြို့ကလွတ်လပ်ရေး ကျောက်တိုင်ပုံစံမျိုးပါ၊ အခုက ဦးနု လက်ထက်ကပြန်ပြီးရွေ့ပြောင်းထားတဲ့ လွတ်လပ်ရေးကျောက်တိုင်ပါ၊ လွတ်လပ်ရေးနေ့မှာအခမ်း အနားနဲ့ ပြန်ပြီး အလေးပြုနိုင်ဖို့ ပြုပြင်နေတာပါ '' ဟုသုံးဆယ်ကျေးရွာ လူငယ်အဖွဲ့ဝင် ရာအိမ်မှူး ကိုမျိုးထွန်းက ပြောသည်။

စစ်အစိုးရလက်ထက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်များ ဆိတ်သုဉ်း ခဲ့ရာတွင်သုံးဆယ်နယ်အတွင်း၌ အဆိုပါကျောက်တိုင်တွင် (၁၉၉၃)ခုနှစ်နောက်ပိုင်းလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ ဆိတ်သုဉ်းခဲ့ပြီး (၂၀၁၂)ခုနှစ်မှစတင်၍ ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"အမေတို့ခေတ်တုန်းက လွတ်လပ်ရေးနေ့ဆိုရင် မေမြို့ကနေအမြောက် ပစ်တဲ့အသံတွေ ကြားရတယ်။ ကြယ် (၅)လုံးအလံတွေကို ကိုင်ပြီးလွတ်လပ်ရေးနေ့အခမ်းအနားဆင်နွှဲခဲ့ကြတာ '' ဟု သုံးဆယ်ကျေးရွာမှ အသက်(၇၈)နှစ်အရွယ် ဒေါ်နှင်းမြမှ ပြောသည်။

ကျောက်တိုင်အား လူငယ်များသမိုင်းကြောင်း သိရှိနိုင်ရန်နှင့် တန်ဖိုးတတ်စေရန် ရည်ရွယ်၍ပြင် ဆင်နေခြင်းဖြစ်ပြီး လွတ်လပ်ရေးနေ့တွင် အလံတင် အလေးပြု အခမ်းအနားကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါရာအိမ်မှူး ကိုမျိုးထွန်းမှ ပြောကြားသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

No comments:

Post a Comment