Pages

Friday, December 6, 2013

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး ဆွေးနွေးရန် ဖိလစ်ပိုင်နှင့် မြန်မာသမ္မတကို Free Burma တိုက်တွန်း

စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် မြန်မာနှင့် ဖိလစ်ပိုင် အစိုးရ တို့ ဆွေးနွေးကြရန် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Free Burma Coalition အဖွဲ့က ဒီဇင်ဘာ ၅ရက်တွင် သတင်း ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

သမ္မတဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း Free Burma ညွှန့်ပေါင်းအဖွဲ့ဝင် ၁၀၀ကျော် က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရုံးသို့ စာရေးသားပေးပို့ တိုက်တွန်းထားသည်ဟုလည်း သတင်းထုတ်ပြန် သည်။

ထိုစာကို မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနို-၃ တို့ထံ ဖိလစ်ပိုင်နိုင်ငံခြားရေးဆိုင်ရာ ကိုယ် စားလှယ် တို့မှတစ်ဆင့် ပေးပို့သွားမည်ဟုလည်း သတင်းထုတ်ပြန်သည်။

အဆိုပါစာတွင် နှစ်နိုင်ငံဆွေးနွေးမည့် အကြောင်းအရာများတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အ သွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် ထည့်သွင်းဆွေးနွေးရန် နှစ်နိုင်ငံခေါင်းဆောင်တို့ကို တိုက် တွန်း ထားခြင်း ဖြစ်သည်။

“ဖိလစ်ပိုင်နဲ့ မြန်မာပြည်သူတွေဟာ ဖိနှိပ်တဲ့ ကိုလိုနီအစိုးရရယ် စစ်အာဏာရှင် အစိုးရတွေ ကို တော်လှန် ခဲ့တဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိကြပါတယ်”ဟု Free Burma ညွှန့်ပေါင်းအဖွဲ့ (ဖိလစ်ပိုင်)၏ အဖွဲ့ဝင် Rasti Delizo of FBC-P က ပြောသည်။

Free Burma ညွန့်ပေါင်းအဖွဲ့ (ဖိလစ်ပိုင်)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ SANLAKAS ကလည်း “စစ်မှန်တဲ့ ငြိမ်း ချမ်းရေးနဲ့ လွတ်လပ်မှုဆိုတာ ကျွန်တော်တို့ပြည်သူတွေဟာ စည်းလုံးညီညွတ်မှုအတွက် အတူတကွ ဘုံ တောင်းဆိုချက်တစ်ရပ်ပါ။ ဒါကလည်း ကျွန်တော်တို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် တိကျ ပြတ်သားတဲ့ ခြေလှမ်းတွေ လှမ်းနိုင်ဖို့ သမ္မတဦးသိန်းစိန်ကို တောင်းဆိုနေတဲ့အရာပါ”ဟု ပြောသည်။

မြန်မာနှင့် ဖိလစ်ပိုင်သမ္မတတို့ထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်း လွှတ် ပေးရန်၊ ဖိနှိပ်သောဥပဒေများ ဖျက်သိမ်းပေးရန်၊ အခြေခံဥပဒေတွင် ပြည်သူများ၏ အခြေခံ အခွင့် အရေး များ အာမခံချက်ပေးရန်တို့လည်း ပါဝင်သည်။

သမ္မတဦးသိန်းစိန်သည် ဖိလစ်ပိုင်သမ္မတ ဘီနင်နိုအက်စ် အကွီနို-၃ ၏ ဖိတ်ကြားချက်ဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဒီဇင်ဘာ ၄ ရက်က သွားရောက်လျက်ရှိနေပြီး ခရီးစဉ်မှာ ၃ ရက်ကြာမြင့်မည်ဖြစ်သည်။ ခရီးစဉ်အတွင်း ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ရိက္ခာဖူလုံရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍ၊ သတင်းမီဒီယာကဏ္ဍနှင့် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ငါးရပ်ကို လက်မှတ်ရေး ထိုးမည်ဖြစ် သည်။

Mizzima

No comments:

Post a Comment