Pages

Friday, December 13, 2013

Haiyan မုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ (၆၀၀၀)ထိ မြင့်တက်လာ



13.12.2013

ဖိလစ်ပိုင် အာဏာပိုင်များက နိုဝင်ဘာလ (၈)ရက်နေ့တွင် နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်မွှေနှောက်သွားသည့် မုန်တိုင်းကြီးကြောင့် သေဆုံးသူ အရေအတွက်သည် (၆၀၀၀)ထိ မြင့်တက်လာပြီး (၁၇၇၉)ဦး ပျောက်ဆုံးနေဆဲ ဟု သောကြာနေ့ က ကြေညာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်သွားသည့် သမိုင်းတစ်လျှောက် အင်အားအပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းကြီး Haiyanကြောင့် သေဆုံးသူ အရေအတွက်သည် သောကြာနေ့တွင် (၆၀၀၀)ထိ မြင့်တက်လာပြီ ဖြစ်သည်။ ဖိလစ်ပိုင် အာဏာပိုင် များက နိုဝင်ဘာလ (၈)ရက်နေ့တွင် နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်မွှေနှောက်သွားသည့် မုန်တိုင်း ကြီးကြောင့် သေဆုံးသူ အရေအတွက်သည် (၆၀၀၀)ထိ မြင့်တက်လာပြီး (၁၇၇၉)ဦး ပျောက်ဆုံးနေဆဲ ဟု သောကြာနေ့က ကြေညာခဲ့သည်။ မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာမူ (၂၇၀၂၂)ဦးထိ စာရင်းရရှိထားကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှု လျှော့ချရေး စီမံရေးရာ ကောင်စီ (NDRRMC)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Haiyanသည် တရားဝင် အတည်ပြုချက်မျိုး မရှိသော်လည်း သမိုင်းမှတ်တမ်းများအရ ဖျက်ဆီးအား အပြင်းထန်ဆုံး မုန်တိုင်းကြီးအဖြစ် ညွှန်းဆိုခြင်း ခံထားရသည်။ လေတိုက်နှုန်း တစ်နာရီလျှင် (၁၉၅)မိုင်ထိ ရောက်ရှိခဲ့သည့် မုန်တိုင်းကြီးသည် ဖိလစ်ပိုင် အရှေ့ပိုင်းမှ ကုန်းတွင်းဝင်ရောက်ခဲ့ပြီး လီတီဒေသသည် အဆိုးရွားဆုံး မုန်တိုင်းဒဏ်နှင့် ကြုံခဲ့ရသည်။ မုန်တိုင်းကြောင့် အိမ်ခြေပေါင်း (၁)သန်းကျော် ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်ထူထောင် တည်ဆောက်ရေး လုပ်ငန်းများအတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။ ကယ်ဆယ်ရေးများသည် အလောင်းများကို ရှာဖွေတွေ့ရှိနေဆဲဖြစ်ပြီး သောကြာနေ့ မနက်ပိုင်းထိ အသေအပျောက်စာရင်း (၆၀၀၉)ဦးထိ ရှိနေပြီဟု သိရသည်။

မုန်တိုင်းဒဏ်ကို လူပေါင်း(၁၆)သန်းမျှ သက်ရောက်ခံစားခဲ့ရပြီး လူပေါင်း(၄)သန်းနီးပါးမှာ နေရပ်ကို စွန့်ခွာခဲ့ရသည်။ အမေရိကန်နှင့် အခြားကမ္ဘာ့နိုင်ငံ အများအပြားတို့က ဖိလစ်ပိုင်အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး ဝေးလံသီခေါင်သည့် ဒေသများသို့ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ လျင်လျင်မြန်မြန် ပေးပို့နိုင်ခြင်းကြောင့် မုန်တိုင်းနောက်ဆက်တွဲ ပြဿနာများ ကို ဖြေရှင်းရာ တွင် အတန်ငယ် ချောမွေ့လာစေကြောင်း NDRRMCမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

No comments:

Post a Comment