26.12.2013
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူ နိုင်ခဲ့ကြသည့် လက်ရွေးစင် ကစား သမား များကို ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် နေပြည်တော်ရှိ MICC ၌ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဂုဏ်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန လူထုပညာ ဌာနခွဲ ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။
ယင်းဂုဏ်ပြုပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရ ကစားသမားများ၊ နည်းပြများနှင့် အသင်း အုပ်ချုပ်သူ များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံတော် အကြီးအကဲများက ပြိုင်ပွဲ ကျင်းပအပြီး တစ်ပတ်အတွင်း ဂုဏ်ပြုခြင်းလည်း ဖြစ်သည်ဟု ၄င်းကဆိုသည်။
ဆုတံဆိပ်ရ ကစားသမားများ အနေနှင့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သမ္မတကြီး ကိုယ်တိုင် ချီးမြှင့်သည့် ဂုဏ်ပြုပွဲအတွက် နေပြည်တော်သို့ ပြန်သွားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အနောက်တိုင်း လက်ဝှေ့ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်တို့က ဆုရကစားသမား အချို့ထံမှလည်း သိရသည်။
အားကစားနည်း ၃၃ မျိုးဖြင့် ကျင်းပသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကစားသမားနှင့် အုပ်ချုပ်သူ ၁၂၄၈ ဦးဖြင့် အများဆုံး ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု တို့ ရရှိခဲ့ကာ နိုင်ငံအလိုက် ဒုတိယနေရာ ရပ်တည် နိုင်ခဲ့သည်။
SEA Games ပြိုင်ပွဲဟု အမည် ပြောင်းလဲပြီးနောက် ကျင်းပသည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေနှင့် ပထမဦးဆုံး အကြိမ် နိုင်ငံအလိုက် ဒုတိယနေရာ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သည့် ရွှေတံဆိပ် အရေအတွက် မှာလည်း ပြိုင်ပွဲသမိုင်း တစ်လျှောက် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment