Pages

Thursday, December 12, 2013

သျှမ်းအရှေ့ SNLD ရုံးခွဲဖွင့်ပွဲ ပါတီ ဥက္ကဌကိုယ်တိုင် တက်ရောက် အမှာစကားပြော

                                   သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ရုံးခွဲဖွင့်ပွဲတွင်တွေ့ရသော ပါတီခေါင်းဆောင် များ

12.12.2013

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးခွဲများကို ပါတီ ဥက္ကဌ ကိုယ်တိုင် ဖွင့်လှစ်ရာ ကျားခေါင်းပါတီသည် ကိုယ်ကျိုးကို ရှေ့တန်းမတင်ကြောင်း ပြောကြားခဲ့ ပါသည်။

တာချီလိတ်မြို့နယ် ကောင်းမွန်းရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက ပါတီရုံးခွဲဖွင့်လှစ်ရာ ဥက္ကဌ ခွန်ထွန်းဦး က စစ်မှန်သောပြည်ထောင်စုအကြောင်း၊ တန်းတူညီမျှ အကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်ဟု ဖွင့်ပွဲတက် ရောက် သူ ဒေသခံတဦးက ပြောပါသည်။

“စဝ်ခွန်ထွန်းဦးက ကျားခေါင်းပါတီဟာ ကိုယ်ကျိုးအတွက် အလေးထားပြီး စီးပွါးရေးမလုပ်ဘူး။ ကိုယ်ကျိုးအတွက် ရှေ့တန်း မတင်ဘူးလို့ ပြောသွားတယ်” ဟု ဆိုပါသည်။

ကောင်းမွန်းရွာရုံးဖွင့်ပွဲအပြီး နေ့လည် ၁၁ နာရီတွင် တာလေအုပ်စု နားယောင်းရွာ၌ ရုံးခွဲ ထပ်မံဖွင့်လှစ်ပေးရာ ဒေသတွင်း တိုင်းရင်းသားများဖြစ်ကြသော အခါ၊ လားဟူများလည်း တက်ရောက်အားပေးကြသည်ဟု တာလေဒေသခံ စိုင်းမွန်း က ပြော သည်။

နားယောင်းရွာရုံး ဖွင့်ပွဲအပြီး ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းဖြတ်သို့ ဆက်လက်ခရီးထွက်ရာ ဒေသခံများက တိုးနယား ကိန္နရာ အက တို့ဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

“မိုင်းဖြတ်ရုံးဖွင့်ပွဲကို မွန်းလွဲ ၂ နာရီလောက်မှာ ပြုလုပ်တယ်။ ဥက္ကဌကြီးက ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း ဒေသခံလူထုကို ရှင်းပြ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံက ပြည်ထောင်စု တိုင်းရင်းသား တွေကို အကျိုးမပြုဘူး။ သျှမ်းပြည်ကံကြမ္မာကို သျှမ်းပြည် သားတွေ ကဘဲ ဖန်တီးမယ်။ သျှမ်းပြည်အစိုးရဟာ သျှမ်းပြည်လူထုက ရွေးကောက်တင်မြောက်တဲ့လူဘဲ ဖြစ်ရမယ်။ စစ်တပ် က ရွေးချယ် အာဏာပေးတဲ့လူကို လက်မခံဘူး- စတာတွေကို မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်” ဟု ကျိုင်းတုံမြို့နယ် RCSS/SSA ရုံးထိုင် ဗိုလ်မှူးဆိုင်လီ က ပြောပါသည်။ 

မိုင်းဖြတ်တွင်ရုံးဖွင့်လှစ်ပြီးနောက် မိုင်းယောင်းသို့ ရုံးခွဲဖွင့်လှစ်ရန် ဆက်လက်ခရီးထွက်ခဲ့ကြောင်း သိရပါသည်။

သျှမ်းပြည်အရှေ့ပိုင်း ရုံးခွဲများဖွင့်လှစ်ရန် SNLD ဥက္ကဌ ခွန်ထွန်းဦးနှင့် အဖွဲ့သည် ၈ ရက်နေ့ မွန်းလွဲပိုင်းကတည်းက တာချီလိတ် သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

သျမ်းသ့တော်ဆင့်

No comments:

Post a Comment