(ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်မည့် မူဆယ်ဒေသအား တွေ့ရစဉ်)
10.1.2014
ရှမ်းပြည်နယ် မူဆယ်ဒေသ တစ်ခုလုံး ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ရန် ကုမ္ပဏီသုံးခုနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ ဖွံ့ဖြိုးရေး စီမံကိန်းများကို မောရှမ်းဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ အလင်းရောင်ကြယ်သစ် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် မူဆယ်ဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်တို့မှ လုပ်ကိုင်ဆောင်ရွက်ရန် တင်ပြထားကြောင်း သိရသည်။
ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က “ကျွန်တော်တို့ အခုလုပ်သွားမယ့် ပရောဂျက်က အခုတင်ပြထားတဲ့ ကုမ္ပဏီသုံးခုဆိုရင် အဆောက်အအုံ တိုးတက်ရေးပိုင်းပါတယ်။ အဲဒါကတော့ အဓိကပေါ့။ ကျန်တဲ့စီမံကိန်းတွေလည်း ပါဝင်သေးတယ်။ ဒါပေမဲ့ အခုက နားလည်မှုစာချုပ်ပဲ ထိုးရသေးတယ်” ဟု ပြောကြား သည်။
ယင်းအပြင် ၎င်းကုမ္ပဏီများမှ အမှန်တကယ် လုပ်ကိုင်မည့် အခြေအနေတွင်လည်း သက်ဆိုင်ရာ စီမံကိန်းအလိုက်တွင် ဒေသခံ ပြည်သူများ၏ သဘောတူညီချက်များကို ရယူရမည်ဖြစ်ကြောင်း ဦးအောင်ကျော်ညွန့်က ဆက်လက်ပြောကြားသည်။
လက်ရှိမူဆယ်ဒေသတွင် အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက် (International Checkpoint) အဖြစ် တိုးမြှင့်ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
မူဆယ်ဒေသမှာ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ အဓိကကုန်သွယ်မှု လမ်းကြောင်းအဖြစ် တည်ရှိနေပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း၌ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၏ ၉၃ ရာခိုင်နှုန်းရှိသည့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ထိ ရရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အတွင်း၌ ၂၀၁၄ -၂၀၁၅ ခုနှစ်မှ စတင်ကာ ဟိုတယ်ဇုန်များနှင့် ခရီးသွား လုပ်ငန်းများကို အဓိက အကောင်အထည် ဖော်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
Eleven Media Group

No comments:
Post a Comment