Pages

Sunday, January 12, 2014

ရှမ်းတောင်ပိုင်း လူငယ်ဖိုရမ် ဖေဖော်ဝါရီလတွင် ကျင်းပမည်


ရှမ်းပြည်နယ်ပိုင်းရှိ လူငယ်များပါဝင်သည့် Southern Shan State Youth Forumကို တောင်ကြီးမြို့ တွင် ဖေဖော်ဝါရီလ အတွင်း ကျင်းပသွားမည်ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကောင်ရွှေပအိုဝ်း လူငယ်အဖွဲ့က ခွန်ခေတ်စံက ဇန်နဝါရီ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။
" ရှမ်းပြည်တစ်ခုလုံးမှာ လူမျိုးပေါင်းစုံရှိတယ်။ အရမ်းလည်း ကျယ်ပြန့်တယ်၊ လူငယ်တွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို အားလုံး သိရှိနိုင်ဖို့ အောက်ခြေအဆင့်က လူငယ်တွေ အခြေခံပြီးတော့ ဒီဖိုရမ်လေး လုပ်ဖို့ လူငယ်တွေ စီစဉ်ရခြင်းဖြစ်တယ်"ဟု ခွန်ခေတ်စံက ပြောသည်။
အဆိုပါဖိုရမ် ပြုလုပ်ရန် ဇန်နဝါရီလ ၁၁ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရှမ်းလူငယ်အဖွဲ့၊ ပအိုဝ်းလူငယ်အဖွဲ့၊ အင်းလူငယ်အဖွဲ့၊ ဓနုလူငယ်အဖွဲ့၊ မြန်မာလူငယ်အဖွဲ့စသော လူငယ်အရပ်ဘက်အဖွဲ့အစည်းများတိုင်ပင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
လူငယ်ဖိုရမ်ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူငယ်များအချင်းချင်း ကွန်ယက်ချိတ်ဆက်မှု အားကောင်းလာရန်၊ လူငယ်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဝိုင်းဝန်းအဖြေရှာရန်၊ လူငယ်များ၏ အသံကို အာဆီယံအသိုင်းအဝိုင်းအထိ ထိုးဖောက်နိုင်ရန်နှင့် ဖိုရမ်မှ ရလာဒ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာရန် ဟူသော ရည်ရွယ်ချက်လေးချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။
ဖိုရမ်တွင် လူငယ်များကို အသိပညာပေးခြင်း၊ ရှမ်းလူငယ်များအကြား အဓိကကြုံတွေ့နေရသည့် မူးယစ်ဆေးဝါး ပြဿနာများ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးများကို ဆွေးနွေးကြမည်ဖြစ်သည်။
ရှမ်းတောင်ဖိုရမ်အပြီးတွင် ရှမ်းမြောက်၊ ရှမ်းအရှေ့များတွင်လည်း ဖိုရမ်များဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ထိုဖိုရမ်ရလာဒ်များကို အာဆီယံလူငယ်ဖိုရမ်သို့ တင်ပြသွားမည်ဟု ခွန်ခေတ်စံက ပြောသည်။
mizzima

No comments:

Post a Comment