Pages

Sunday, January 12, 2014

စစ်သားအဖြစ် ကေအိုင်အေက အဓမ္မဖမ်းဆီးထားသူများ ပြန်လွတ်ရေး ဇန်န၀ါရီ ၁၅ ရက်နောက်ပိုင်းတွင် စတင်ဆောင်ရွက်မည်

12.1.2014

ကချင်ပြည်နယ်တွင်း ၂၀၁၁ ခုနှစ်မှစတင်ပြီး အစိုးရနှင့် ကေအိုင်အေတို့ တစ်ကျော့ပြန်ဖြစ်လာသော စစ်ပွဲများကြောင့် ဒေသခံ ရှမ်းတိုင်းရင်းသား များအား စစ်သားအဖြစ် အဓမ္မ ဖမ်းဆီး ခေါ်ဆောင် ခံရသူများ ပြန်လွှတ်ပေးရန် ဇန်န၀ါရီ ၁၅ ရက်နောက်ပိုင်းမှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ရှမ်းရေးရာအဖွဲ့မှ ဦးစိုင်းစန်းဝေက The Daily Eleven သို့ ပြောကြားသည်။

၎င်းကပြောကြားရာတွင် ဇန်န၀ါရီ ၁၁ ရက် စာရင်းအရ စစ်သားအဖြစ် ဖမ်းဆီးခြင်းခံရသူများ၏ မိဘ၊ ဆွေမျိုးများက အိမ်သို့အမြန်ပြန်လာနိုင်ရန် အမည်၊ နေရပ်၊ လူမျိုး၊ အဖမ်းခံရသည့်နေ့စွဲ စသည်အကြောင်း အရာများ ကောက် ယူနေပြီး လက်ရှိစာရင်းအရ ၂၈ ဦးသာ စာရင်းပေါက်ထားကြောင်း သိရသည်။

“စာရင်းအားလုံး မရောက်လာသေးဘူး။ ကျွန်တော်တို့ဆီမှာ စာရင်းလာပေးတာ ၂၈ ဦးရှိပြီး ရှမ်းတွေချည်းပါပဲ။ တချို့ဒေသမှာက ကျွန်တော်တို့ကို စာရင်းမပေးရဲသေးတဲ့လူတွေ ရှိသေးတော့ နှစ်ကြိမ်၊ သုံးကြိမ်ခွဲပြီး တောင်းခံသွားဖို့ ရှိပါတယ်။ အခုစာရင်းထဲမှာ ၁၈ နှစ်အောက်တွေ၊ အမျိုးသမီးတွေလည်း ပါနေပါတယ်။ ဇန်န၀ါရီ ၁၅ ရက်နောက်ပိုင်းမှာ ကေအိုင်အေ၊ ကေအိုင်အို ကလူကြီးပိုင်း နဲ့တွေ့ပြီး တောင်းဆို သွားမှာပါ” ဟု ဦးစိုင်းစန်းဝေက ပြောကြားသည်။

ဆဒုံးမြို့နယ် ရှမ်းကျေးရွာက ဒေသခံတစ်ဦးက “ကလေးကိုဖမ်းသွားတာ က နိုဝင်ဘာ ၂၆ ရက် ၂၀၁၃ ခုနှစ်၊ မနက် ၉ နာရီလောက်မှာ ဖမ်းသွားတာ။ ရွာထဲမှာ လာခေါ်သွားတာ။ ၁၇ နှစ်ပဲရှိသေးတယ်။ ငါးကင်(န်)တပ်ရင်း ကို ခေါ်သွားတာလို့ သိရတယ်။ သူအစ်ကိုလည်း မနှစ်တုန်းက စစ်သားစုဆောင်းတဲ့ အခါ ပါသွားပြီးပြေးတော့ ပစ်သတ်လိုက်ပြီလို့ သိရတယ်။ သူနှင့်အတူ နှစ်ယောက်စလုံး ပစ်သတ်ခံရတယ်လို့ သိရတယ်။ သူ့အမေကတော့ နေ့နေ့ညည ငိုနေတော့တာ။ လွတ်အောင်ဘယ်လို လုပ်ရမလဲဆိုတာ မပြောတတ်တော့ဘူး” ဟု The Daily Eleven သို့ ဆက်သွယ်ပြောကြားသည်။

ကချင်ပြည်နယ်တွင် ရှမ်းကျေးရွာပေါင်း ၈၀၀ ကျော်ရှိပြီး ရွာအချို့ မှာ ကေအိုင်အေကို ဆက်ကြေးပေးနေရကြောင်း၊ နီးရာဓားကြောက်ရ သည့်အတွက် မည်သူကိုမျှ မပြောရဲကြောင်း၊ ရှမ်းရေးရာအဖွဲ့မှ စာရင်းကောက်ယူရာတွင်ပင် အခက်ခဲရှိနေကြောင်း၊ အစိုးရ၏ ပုဒ်မ ၁၇/၁ ကိုလည်း ကြောက်နေကြကြောင်း ရှမ်းရေးရာအဖွဲ့က ပြောကြားသည်။

ရှမ်းရေးရာအဖွဲ့မှ ဦးစိုင်းထိန်လင်းက “၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ၀ိုင်းမော်မြို့နယ်ထဲက ရှမ်းကျေးရွာလေးကို တစ်အိမ်ဆန်တစ်တင်း၊ ဆားတစ်ပိဿာ တောင်းလာတယ်။ အိမ်ခြေ ၅၀ ကျော်တဲ့ ရွာကိုတော့ တပ်သားငါးယောက်တောင်းတယ်။ ဒေသခံတွေက ကြောက်တော့မပြောရဲကြဘူး။ ဒီကိစ္စတွေကျတော့ ကျွန်တော်တို့လည်း ဘယ်သူ့ကိုမှ တိုင်လို့မရတော့ ဘာဆက်လုပ်မလဲ မသိတော့ဘူး” ဟု ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများသည် လူဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်း စသည်တို့ကို အကြောင်းပြုပြီး ကေအိုင်အေအား ဆန္ဒပြရန် အင်းအားခုနစ်ထောင် ၀န်းကျင်ခန့်သည် ဒီဇင်ဘာ ၂၀ ရက်က မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်၌ စုဝေးခဲ့ကြသည်။

Eleven Media

No comments:

Post a Comment