Pages

Friday, January 17, 2014

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်တစ်သန်းကို သန်းခေါင်စာရင်း ကောက်နိုင်မည်မဟုတ်ဟု KNU သုံးသပ်

17.1.2014

လာမည့်မတ်လတွင် ကောက်ရန်ရှိသည့် သန်းခေါင်စာရင်းတွင် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရောက် ဒုက္ခသည် တစ်သန်းကျော်ကို ကောက်ခံနိုင်မည် မဟုတ်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က သုံး သပ်ထားသည်။

“ထိုင်းနိုင်ငံထဲမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာရော၊ ထိုင်းနိုင်ငံအပါအ၀င် မြန်မာနိုင်ငံ မှာရော ရွှေ့ပြောင်း နေ ထိုင်တဲ့ ကရင်လူမျိုး စုစုပေါင်း တစ်သန်း လောက်အထိ ဒီသန်းခေါင်စာရင်းထဲမှာ ပါဝင်နိုင်မှာ မဟုတ် တာတော့ သေချာတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး(၂) ဖဒို မန်းမန်းက ပြောသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ကရင်လူမျိုးကွဲများကို အခေါ်အဝေါ် သတ်မှတ်ထားခြင်း၊ ကုတ်နံပါတ် သတ်မှတ်ထားခြင်း ကောက်ယူပုံ ကောက်ယူနည်း သင်တန်းပေးခြင်း စသည့် အဆင့်များ၌ လည်း အဆင့်ဆင့် ညှိနှိုင်းရဦးမည်ဟုလည်း သူက ဆိုသည်။

“ဥပမာ ကရင်လူမျိုးဆိုရင် ကုတ်က ၃၀၁ ဖြစ်ပြီး၊စကောကရင်ဆိုရင် ၃၀၂ ဖြစ်သွားတာမျိုးတွေက လွဲနေ တယ်။ ကုတ်က ကရင်လူမျိုးကိုလည်း ကိုယ်စားပြုရမယ်။ လူမျိုးကွဲကိုလည်း ကိုယ်စားပြုရမယ်။ ဥပမာ ဆိုရင် ကုတ် ၃ အကြီးကို ကရင်လူမျိုးလို့သတ်မှတ်ပြီး ၀၁ ဆိုရင် ဘယ်ကရင်လူမျိုးကွဲ၊ ၀၂ ဆိုရင် ဘယ် ကရင်လူမျိုးကွဲ ကျွန်တော်တို့က အဲလို ဖြစ်စေချင်တယ်”ဟု ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ကုတ်သတ်မှတ်ချက်ကို KNU ဘက်မှ သဘောမကျသဖြင့် ပြင် ဆင်ပေးရေးနှင့် လူမျိုးကွဲအမည်များ ပါဝင်နေခြင်းကိုလည်း ပြင်ဆင်ပေးရန် KNU က တောင်းဆိုထား သည်။

သို့သော် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်ဒေသ၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် အစိုးရအဖွဲ့နှင့် ပူးပေါင်းပါဝင်မည်ဟု ဖဒိုမန်းမန်းက ပြောသည်။ အခြား ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA, KNU,KNLA-PC,BGF တို့ကလည်း ပူးပေါင်းပါဝင်သွားမည် ဖြစ်သည်။

“ဒါက ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်စီမံချက်နဲ့ လုပ်တယ်။ လုပ်သင့်လုပ်ထိုက်တာလည်း ဖြစ်တယ်ဆို တော့ ပူးပေါင်းပါဝင်ဖို့ သဘောထားပေးလိုက်တယ်”ဟု DKBA ဗိုလ်မှူးထွန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင်နေထိုင်သည့် ကရင်လူဦးရေသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက် က ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းများအရ ရှစ်သန်းမှ ၁၀ သန်းအထိ ရှိနိုင်သည်ဟု David Tharkabaw, Roland Watson တို့ ရေးသားသည့် (The Karen People of Burma) အစီရင်ခံစာ၌ ဖော်ပြထား သည်။

Mizzima - News in Burmese

No comments:

Post a Comment