Pages

Tuesday, January 21, 2014

ပဋိပက္ခကိုအကြမ်းဖက် ဖြေရှင်းခြင်းဖြင့်သမိုင်းဆိုးကို ပြန်ပြီးအသက်မသွင်းရန် လော်ခီးလာ လက်နက်ကိုင် ခေါင်းဆောင် များအား KNU ဥက္ကဋ္ဌ တိုက်တွန်း

(ဇန်န၀ါရီ ၂၀ ရက်က ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေ လော်ခီးလာ၌ ပြုလုပ်သော ညီလာခံ ပထမနေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး မိန့်ခွန်းပြောကြားစဉ်)

21.1.2014

အောင်မြင်မှုများ အစပြုပြောင်းလဲနေသည့် ပကတိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို ထည့်သွင်း စဉ်းစားပြီး ထိလွယ်ရှလွယ် အခြေအနေကို ရဲရင့်မှုအပြည့်ဖြင့် ဖြတ်ကျော်ကြရန်နှင့် ပဋိပက္ခကို အကြမ်းဖက် ဖြေရှင်းခြင်းဖြင့် သမိုင်းဆိုးကိုပြန်ပြီး အသက်မသွင်းရန် ဇန်နဝါရီ ၂ဝ ရက်တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက လော်ခီးလာ ညီလာခံသို့ တက်ရောက် လာသော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအား တိုက်တွန်းလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ဒုတိယညီလာခံဖြစ်သော လော်ခီးလာ ညီလာခံကို ဇန်နဝါရီ ၂ဝ ရက်မှ ၂၂ ရက်အထိ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၌ ပြုလုပ်နေပြီး ညီလာခံ ပထမနေ့ သဘာပတိက မိန့်ခွန်းပြောကြားခြင်း အစီအစဉ်၌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ယင်းကဲ့ သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အမှားလုပ်မိမှာကိုမကြောက်ကြပါနဲ့။ အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပါဝင်ရမယ့် ယန္တရား များနဲ့ သဘောတူညီချက်များကို ကဏ္ဍပေါင်းစုံနဲ့ ဘက်ပေါင်းစုံမှ အသိသက်သေများရဲ့ ရှေ့မှောက်မှာ ရဲရဲဝံ့ဝံ့ လက်မှတ်ထိုး သမိုင်းတင်ကြပါ”ဟု ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဆိုသည်။

ထို့အပြင် နိုင်ငံရေး ပြဿနာများ ဖြေရှင်းနေချိန်အတွင်း ပြတ်သားသည့် နိုင်ငံရေး ဦးဆောင်မှုအောက်တွင် နာခံမှုကောင်းသူများအဖြစ် ပြင်ဆင်လျက် အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုများဖြစ်ရန် ပံ့ပိုးပေးစေလိုကြောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဆိုသည်။

“စိတ်ကောင်းစေတနာထားလျက် လုပ်ဆောင်ကြပါ။ တာဝန်ယူမှုနဲ့ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်များ ကို ရှောင် ရှားကြပါ။ ပဋိပက္ခကို အကြမ်းဖက်ဖြေရှင်းကြတဲ့ သမိုင်းဆိုးကို ပြန်ပြီးအသက်မသွင်းပါနဲ့”ဟု ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောကြားသည်။

“နိုင်ငံရေးရဲ့ ဒီရေအတက်မှာ အားသွန်ခွန်စိုက်လျက် တိုင်းရင်းသား အားလုံးရဲ့ ဘုံအကျိုးစီးပွား တိုးပွားအောင် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရယူကြပါ။ အမျိုးသမီး၊ လူငယ်တွေနဲ့တကွ အားလုံးပါဝင်ပြီး လက်တွေ့ဆန်သော အများသဘော တူညီမှုနဲ့ စုပေါင်းလုပ်ကိုင်ရင်း အကန့်အသတ်ရှိတဲ့ လုပ်ငန်းဘောင်အတွင်း တိုင်းရင်းသား အားလုံးရဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြပါ”ဟု ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဆက်လက် ပြောကြားသည်။

လိုင်ဇာညီလာခံတွင် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ပြင်ဆင်ထားသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး “အားလုံးပါဝင်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” ကို ဖော်ဆောင်ကာ ငြိမ်းချမ်းရေးအတွက် ပကတိ အခြေအနေများနှင့် ကိုက်ညီသော အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို ရဲရဲဝံ့ဝံ့ဖြင့် အားသွန်ခွန်စိုက် ကြိုးစားတည်ဆောက်ရန်လည်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက တိုက်တွန်းခဲ့သည်။

Eleven  Media

No comments:

Post a Comment