Pages

Monday, February 17, 2014

မှော်ဘီ လက်နက်တိုက် ဖောက်ထွင်းမှု သံသယရှိသူကို ဖမ်းမိ

17.2.2014

မှော်ဘီမြို့နယ်၊ အမှတ်(၅၀၁၀)တင့်ကားတပ်ရှိ လက်နက်တိုက် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သံသယ ရှိသူ အမျိုးသားတစ်ဦးကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဖမ်းမိခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က မှော်ဘီမြို့မ ရဲစခန်းသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တင့်ကားတပ်တွင်းရှိ ဌာနချုပ် တပ်ခွဲလက်နက်တိုက်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ဖောက်ထွင်း ခံရမှုကြောင့် MA-13၊ M1 အမျိုးအစား သေနတ်နှစ်လက် (သေနတ်နံပါတ် ဂျီ-၁၃၁၃၉ နှင့် ဂျီ-၀၂၈၅၀)၊ ကျည် ၉မမ ယမ်းအပြင်း ကျည်တောင့် ၅၀၀ နှင့် MA-13 ကျည်ကတ်ငါးခုတို့ ပျောက်ဆုံး ခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လက်နက်တိုက် အဖောက်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် တိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရပြီး မြေပုံမြို့နယ် ရဲစခန်းမှ ၎င်းကို ဖမ်းဆီးကာ အဆိုပါ တင့်ကားတပ်ရင်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။

“ခုဖမ်းမိထားတဲ့သူက တင့်ကားတပ်က တပ်သားတစ်ယောက်။ စစ်ပြေးဖြစ်တာ သိပ်မကြာသေးဘူး။ လက်နက်တိုက် ဖောက်တဲ့နေ့က ဌာနချုပ် လက်နက်တိုက်မှာ တာဝန်မှူးက သူ့ဦးလေး လို့ ပြော တယ်။ မြေပုံရဲစခန်းက ဖမ်းမိလို့ လွှဲအပ်ထားပေမယ့် လက်နက်တွေ ပြန် မရသေးဘူး။ လတ်တလော စစ်ဆေးဆဲမို့ သံသယရှိသူလို့ သတ်မှတ် ထားတယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ တင့်ကားတပ် ဗဟိုကင်း အနောက်ဘက်ရှိ လက်နက်တိုက်၏ အပြင်ဘက် ပျဉ်းကတိုး တံခါးနှင့် အတွင်းဘက်ရှိ သံတခါးတွင် ခတ်ထားသည့် အာမခံသော့ နှစ်လုံးကိုဖျက်ကာ ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး လက်နက်တိုက်အတွင်း သေနတ်စင်မှ သေနတ်ခတ် သံဆူးကြိုးများ ကို ဖြတ်တောက်၍ လက်နက်များ ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

လက်နက် တိုက်ဖောက်ထွင်းမှုကြောင့် သံသယရှိသော တပ်သားအဆင့်ရှိခဲ့သူ အမျိုးသားကို ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မှော်ဘီ မြို့မရဲစခန်းသို့ ဆက်သွယ် စုံစမ်းမေးမြန်းသော် လည်း လတ်တလော စစ်ဆေးဆဲ ဖြစ်သောကြောင့် အသေးစိတ်ကို မဖြေကြား ပေးနိုင်ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။

လက်နက် တိုက်ဖောက်ထွင်း ခံရမှုနှင့် ပတ်သက်၍ မှော်ဘီမြို့မ ရဲစခန်းက (ပ) ၄၀/၁၄၊ ၁၉၄၇ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ် စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ- ၂(၁)(က) ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
 
The Voice Weekly

No comments:

Post a Comment