Pages

Tuesday, February 18, 2014

မစ္စတာ ကင်တားနား လက်ပံတောင်း ဒေသသို့ ပထမဆုံးအကြိမ် လာရောက်

18.2.2014

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အထူး ကိုယ်စား လှယ် သောမတ် အိုဟေး ကင်တားနားသည် လက်ပံတောင်း ဒေသသို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် ရောက်ရှိခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကြေးနီ စီမံကိန်း ဒေသခံများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာက မိနစ်ပိုင်းလေးပါပဲ။ မစ္စတာ ကင်တားနားက ဝန်ကြီးချုပ် ကို တွေ့ဆုံပြီး၊ လက်ပံတောင်း ဒေသမှာ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးတာ ရှိပါတယ်။ ဝန်ကြီးချုပ်က ဒီကိစ္စက အစီရင်ခံစာမှာ ရှင်းလင်းပြီး ဖြစ်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်” ဟု ကင်တားနားနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု အပြီးတွင် လက်ပံတောင်း ဒေသသို့ ကင်တားနားနှင့်အဖွဲ့ သွားရောက်ခဲ့ကြောင်း၊ ယင်းအပြင် လက်ပံတောင်းတောင် စီမံကိန်း မြေစာပုံ နေရာများသို့ သွားရောက် ခဲ့ပြီး၊ မြန်မာ ယန်စီ ကုမ္ပဏီ ကြေးနီ ထုတ်လုပ်သော စက်ရုံသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သွားရောက် ခဲ့ရာ လမ်းကြောင်းတစ်လျှောက် လိုက်ပါခဲ့သူ တစ်ဦးက ပြောကြားသည်။

ယင်းနောက် ညနေပိုင်း အချိန်တွင် ကင်တားနားသည် စီမံကိန်းကြောင့် နစ်နာခဲ့ရသော ကံကုန်း၊ ဝက်မှေး၊ ဆည်တည်း၊ တုံကျေးရွာများမှ ဒေသခံ ၁၀ ဦးနှင့် အကြမ်းဖက် ဖြိုခွင်းမှုတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သော ဆရာတော် ဦးတိက္ခဉာဏတို့နှင့် မုံရွာမြို့ဝင်း ယူနတီ ဟိုတယ်တွင် တွေ့ဆုံခဲ့သည်။

“အချိန်တော့ အကြာကြီး မရခဲ့ဘူး၊ လက်ပံတောင်း ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက် ခံရတာတွေကို ပြောတယ်။ ဒေသခံတွေ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေကို ကာကွယ် ပေးနိုင်လိမ့်မယ် လို့တော့ မျှော်လင့်တယ်။ မြေယာ လျော်ကြေးကို မထုတ်လည်း အတင်း သိမ်းယူတဲ့ ကိစ္စတွေ ၊ နောက်လျော်ကြေး မယူလည်း ခြံခတ်တာတွေ၊ ဒေသခံတွေ မကြာခဏ ဖမ်းဆီးခံ နေရတာတွေ ဒါတွေကို အဓိက ပြောဖြစ်ပါတယ်” ဟု ကင်တားနားနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည့် ဒေသခံများ က ပြောကြားသည်။

“ ဦးပဉ္စင်းတို့နဲ့ တွေ့တဲ့ အချိန်မှာ မီးလောင်ဗုံး ကိစ္စ ပြောဖြစ်တယ်၊ ဦးပဉ္စင်းတို့ကတော့ မီးလောင်ဗုံးဆိုတာ သေချာတဲ့ အကြောင်းနဲ့၊ စီမံကိန်းအတွင်း ကျရောက်နေတဲ့ ဘုရားနှင့် သိမ်ရွှေ့မယ့် ကိစ္စကို လက်မခံနိုင်တဲ့ အကြောင်းအရာတွေကို ပြောဖြစ်လိုက်တယ်” ဟု လက်ပံတောင်း ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ဆုံး ရခဲ့သော ဆရာတော် ဦးတိက္ခဉာဏက မိန့်ကြားသည်။

ကင်တားနား အနေနှင့် ယခင်က မြန်မာနိုင်ငံသို့ ကိုးကြိမ်အထိ ရောက်ရှိ ခဲ့သော်လည်း ရခိုင်နှင့် အခြားဒေသများသို့သာ သွားရောက်နေရပြီး အချိန်နည်းခြင်းကြောင့် လက်ပံတောင်း ဒေသသို့ မလာရောက်နိုင်ခဲ့ခြင်း ဖြစ်ကာ၊ ယခု နောက်ဆုံး ခရီးစဉ်မှသာ လက်ပံတောင်း ဒေသသို့ လာရောက်နိုင်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဆိုသည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရောက်ရှိလာသော ကင်တားနားသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ နှင့် တွေ့ ခဲ့ပြီး၊ ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ သီလဝါ အထူး စီးပွားရေး ဇုန်တို့ကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ကြေညာထားပြီး၊ ယခု ခရီးစဉ် အပြီးတွင် အစီရင်ခံစာ တစ်စောင်ကို မတ်လ ၁၄ ရက် နေ့တွင် UNHCR သို့ တင်ပြရမည် ဖြစ်သည်။

The Voice

No comments:

Post a Comment