Pages

Thursday, February 13, 2014

တောင်ကြီးတွင် လက်နက်နှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိ

13.2.2014

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မြို့အ၀င် (၄) မိုင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် တောင်ကြီးမှ တပ်ဖွဲ့ဝင်များ၊ မှုခင်းတပ်ဖွဲ့စုများ၊ လူကုန် ကူးတားမြစ်ရေး အဖွဲ့များက ဖေဖော်ဝါရီ ၁၀ ရက်က ရှာဖွေ စစ်ဆေးစဉ် လက်နက်နှင့် မူးယစ်ဆေးများ ဖမ်းဆီးမိခဲ့သည်။

ဖြစ်စဉ်မှာ နမ့်စန်မှ တောင်ကြီးသို့ ယာဉ်မောင်းနမ့်စန်မြို့၊နေစိုင်းမောင်ဆိုသူ မောင်းနှင်လာသော VIGOအမျိုးအစား HILUX 4W၊ နှစ်ခန်းတွဲ အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေ ခဲ့ရာမှ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

စိုင်းမောင်နှင့်အတူ ယာဉ်ပေါ်တွင် နိုင်ဝင်း (ခ) အားဖိန်းနှင့် အားတီ၊ ပီစံ ဆိုသူတို့ကိုပါ တွေ့ရှိခဲ့ပြီး ရှာဖွေ ရာတွင် နိုင်ဝင်း (ခ)အားဖိန်း ၀တ်ဆင်ထားသော HTNIAO စာတန်းပါ အစိမ်းပုပ်ရောင် ဂျာကင်အင်္ကျီ အတွင်း အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ကျပ်၂၆ သိန်းကျော်ဖိုးကို တွေ့ရှိခဲ့သည်။

ထို့ပြင် နိုင်ဝင်း(ခ)အားဖိန်ထံမှ အမေရိကန်နိုင်ငံလုပ် WALTHER-380ACB အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ခုနစ်တောင့်နှင့် ကျည်ဘောက် တစ်ခု၊ အားတီထံမှ ချက်နိုင်ငံလုပ် RAMI-9MM အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ကျည်ခြောက်တောင့်၊ ကျည်ဘောက် တစ်ခုတို့ တွေ့ရှိသိမ်းဆည်း ရမိသဖြင့် စိုင်းမောင်၊ နိုင်ဝင်း(ခ)အားဖိန်း၊ အားတီ၊ ပီစံတို့ လေးဦးအား တောင်ကြီးမြို့မရဲစခန်း မယ (ပ)၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁/၂၂(ခ) အရအရေးယူထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁၂ နာရီ အချိန်ကလည်း မူးယစ်တပ်ဖွဲ့စု (၂၂)၊ မူ ဆယ်မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ ၀င်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ နမ့်ခမ်း-မူဆယ် သွား ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တန်ဖိုးငွေကျပ် ၉၃၆ သိန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment