Pages

Monday, February 10, 2014

ပုဂ္ဂလိက ကျောင်းတိုင်းတွင် မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်း စာအုပ်များ အခမဲ့ပေးမည်



10.2.2014

ပညာရေးဝန်ကြီးဌာန လက်အောက် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတိုင်း တွင် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။

အခမဲ့ မူလတန်းနှင့် အလယ်တန်း ပညာရေးစနစ်တွင် အစိုးရ စာသင်ကျောင်းများသာမက ဘုန်းတော်ကြီးသင်ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများပါ အကျုံးဝင်မည် ဖြစ်သောကြောင့် ပြဋ္ဌာန်း စာအုပ်များ အခမဲ့ပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင် ပုဂ္ဂလိက ကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား များသည် ပြဋ္ဌာန်း စာအုပ်အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင်စီနှင့် ဗလာစာအုပ်များပါ ရရှိမည် ဖြစ်ကြောင်း၊ အဆိုပါ မူလတန်း ကျောင်း သား များအတွက် ၂၀၁၃-၂၀၁၄ ပညာသင် နှစ်ကတည်းက ပြဋ္ဌာန်း စာအုပ်များ စတင်ပံ့ပိုးထားကြောင်း ၎င်းကပြောဆိုသည်။

သို့သော်လည်း ပညာနန်းတော် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းရှိ မူလတန်း ကျောင်းသားမိဘ တစ်ဦးကမူ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် ကျောင်းအပ်နှံစဉ်က ပုဂ္ဂလိက မူလတန်း ကျောင်းသား များ သည် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းထောက်ပံ့ကြေးများ အခမဲ့ မရရှိကြောင်း The Voice သို့ ပြောကြား သည်။
“ဖတ်စာအုပ်က အစိုးရပဲပေးတယ် ထင်တယ်။ ကျွန်တော်တို့ ကတော့ ကျောင်းကလည်းမရဘူး အပြင်ကနေ ဝယ်တာ” ဟု ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ကို စက်တင်ဘာလ ရောက်မှသာ ချထားပေးခြင်း ဖြစ်ပြီး ပြဋ္ဌာန်း စာအုပ်နှင့် ထောက်ပံ့ကြေးကိုလည်း သက်ဆိုင်ရာ ကျောင်းသား စာရင်း အလိုက် တစ်ဆင့်ထပ်ရသောကြောင့် အစိုးရ ကျောင်းများ ထက် နောက်ကျမှ ရရှိကြောင်း တာချီလိတ်မြို့ရှိ ရွှေမဟာပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တာဝန်ခံ ဒေါက်တာဘိုင်အိုက ပြောကြားသည်။
“ကျောင်းတွေက အပြိုင်အဆိုင် လုပ်နေကြတာဆိုတော့ ကျောင်းဖွင့် ကတည်းက စာအုပ်တွေကို အခမဲ့ ပေးနေကြတာပါပဲ” ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်၍ မူလတန်း ကျောင်းသား တိုင်းအတွက် ဗလာ စာအုပ်၊ ပြဋ္ဌာန်းစာအုပ်နှင့် ငွေကျပ် တစ်ထောင်စီ ထောက်ပံ့ခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ် တန်း အဆင့်ပြ ဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခများကို အခမဲ့ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော်အချို့သော အစိုးရကျောင်းများတွင် စာအုပ်ဖိုး သီးခြားကောက်ခံခြင်း မရှိသော်လည်း အလှူခံငွေ အဖြစ် ကောက် ခံနေမှုများ ရှိပြီး ယင်းကို ထိထိရောက်ရောက် တိုင်ကြားနိုင်ရန် စီစဉ်ပေးစေ လိုကြောင်း ကျောင်းသား မိဘများက ပြောဆိုသည်။

The Voice

No comments:

Post a Comment