Pages

Tuesday, October 8, 2013

မန္တလေးခရိုင်ခုနစ်မြို့နယ် တစ်နှစ်အတွင်း မီးလောင်ဆုံးရှုံးမှု ကျပ်သိန်း ၁၈၀၀ ကျော်ရှိ

မန္တလေး၊ အောက်တိုဘာ ၇

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ မီးလောင်မှု ကြိမ်ရေ ၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၈၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု များထဲတွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခြင်းထက် လျှပ်စစ်ကြောင့် လောင်ကျွမ်းသော ကြိမ်ရေ ပိုများသည်ကို တွေ့ရကြောင်း ယင်း မီးသတ်ဦးစီးဌာနမှ တာဝန်ကျအကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှု အများဆုံးမြို့နယ်မှာ ချမ်းအေးသာစံမြို့နယ် ဖြစ်ပြီး ပုသိမ်ကြီး မြို့နယ်သည် လောင်ကျွမ်းမှုအနည်းဆုံး ဖြစ်သည်ကို တွေ့ရှိရကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း မီးသတ်အင်အား ၄၁၈၂ ဦး၊ မီးငြိမ်းသတ် ယာဉ်/စက် ၈၅ စီး၊ ဌာနဆိုင်ရာ အကူယာဉ် /စက် ၂၂ စီးတို့ဖြင့် ဖွဲ့စည်းထားပြီး မီးလောင်ပါက အလွယ်တကူ မီးငြှိမ်းသတ် နိုင်စေရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြေပေါ်မြေအောက် စီစဉ်ထားသည့် မီးသတ်ရေကန် ၆၆၃ ခု၊ အုတ် ရေလှောင်ကန် ၈၀ ခု၊ ကျုံးတစ်ခု၊ သဘာဝ ကန်ရှစ်ခု၊ မြစ်ချောင်း ၂၄ ခု တို့ဖြင့် မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။ 

(သန်းဖေသား)

The Voice Weekly 

No comments:

Post a Comment