Pages

Monday, September 10, 2012

ရွှေဈေး တက်သော်လည်း အရောင်းအဝယ်အေး

(ရန်ကုန် စက်တင်ဘာ ၉)
ကမ္ဘာ့ရွှေဈေး တရိပ်ရိပ် မြင့်တက် နေမှုကြောင့် သြဂုတ်လက စတင် တက်နေသော မြန်မာ့ ရွှေဈေးမှာ စက်တင်ဘာ ပထမပတ် အထိ အခေါက်ရွှေ တစ်ကျပ်သား ခုနစ်သိန်း ခုနစ်သောင်း နီးပါး ရောက် ရှိနေကြောင်း ရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။ ကမ္ဘာ့ ရွှေဈေးမှာ သြဂုတ် လကုန်ပိုင်းက တစ်အောင်စ အမေရိကန် ဒေါ်လာ ၁၆၆ဝ ရှိရာမှ စက်တင်ဘာ လဆန်းတွင် တစ်အောင်စ အမေရိကန် ဒေါ်လာ ၁၆၉၁ ဒေါ်လာသို့ ရောက်လာသည်။

ယခုလ အတွင်း ရွှေထုတ် ရောင်းချမှုများ ရှိနေသော်လည်း ရန်ကုန်ဈေးနှင့် နယ်စပ် ရွှေဈေးမှာ ကျပ် တစ်သောင်းခန့် ကွာနေကြောင်း၊ နယ်စပ် အဆွဲအဝယ် များမှ ပြည်တွင်းဈေးကွက် အရောင်းအ ဝယ် ကောင်းကြောင်း၊ ယခု နယ်စပ်မှ အရောင်းအဝယ် နည်းပါးနေသဖြင့် ပြည်တွင်း ရွှေဈေးကွက် တွင် ရွှေဈေး တက်နေသော်လည်း အရောင်းအဝယ် အေးနေကြောင်း၊ရွှေဈေး ဆက်တိုက် တက်နေ ၍  ပြန်ထုတ်ရောင်းသူ နည်းနေခြင်းလည်း ပါဝင်ကြောင်း ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ ဖြတ်စနှင့် ရွှေအတုံး ဈေးကွက် အရောင်းအဝယ် ပါးနေသော်လည်း အထည် ဈေးကွက် မှာ ပုံမှန် အခြေအနေ ရှိကြောင်း သိရသည်။ တစ်ပတ်အတွင်း မြင့်တက်လာသော ရန်ကုန် ရွှေဘုံသာ လမ်း ရွှေဈေးကွက်မှာ သြဂုတ် လကုန်ပိုင်းက အမြင့်ဆုံး အခေါက် ရွှေဈေးမှာ ငွေကျပ်  ၇၅၈ဝဝဝ နှင့်  အနိမ့်ဆုံး ငွေကျပ်  ၇၅၆ဝဝဝ ရှိရာမှ  စက်တင်ဘာ ၉ ရက်အထိ အမြင့်ဆုံး အခေါက် ရွှေဈေးမှာ ငွေကျပ် ၇၈၂၅ဝဝ အထိ တက်လာကြောင်း သိရသည်။

No comments:

Post a Comment