စက်တင်ဘာလ(၁၈)
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၅)မှ စစ်တပ်ကိစ္စရပ်များတွင် အသုံးပြုရန် ဖားကန့် ကျောက်တောမှ ပေါ်တာ ဆွဲသွားသော လူ(၃၀)တွင် နိုင်ငံရေးပါတီဝင် လူငယ်နှစ်ဦး ပါဝင်နေကြောင်း သိရှိရသည်။
အဆိုပါ လူငယ်(၂)ဦးမှာ NLD ပါတီဝင် များဖြစ်ပြီး KIAစစ်တပ်သည် NLD ပါတီဝင် မိဘများမှမွေးဖွားလာသော သားသမီးများ၊ NLD ပါတီဝင်များ ကို ပြန်လွှတ်ပေးလေ့ရှိကြောင်း မိုးညင်း NLD ပါတီဝင်တစ်ဦးထံက သိရသည်။
“ကျွန်တော်တို့ ပါတီဝင်တွေကို ထောက်ခံစာနဲ့ ပြန်ရွေး မှာပါ၊ KIAက NLD ပါတီဝင် မိဘတွေက မွေးတဲ့ သားသမီးတွေ၊ NLD ပါတီဝင်တွေကို သူတို့က မခေါ်ပါဘူး၊ သူတို့ခေါ်တဲ့အချိန်က ကလေးတွေက ထောက်ခံစာ မပြနိုင်လို့ပါ``ဟု မိုးညင်းမြို့ NLD ပါတီမှ ဦးတင်ဝယ်က ပြောသည်။
KIA စစ်တပ်တပ်ရင်း(၅)မှ စက်တင်ဘာလ(၁၁)ရက်နေ့က ဖားကန့်တွင် ကျောက်သွားတူးကြသည့် ကချင်နှင့် ရှမ်းလူမျိုး အယောက်(၃၀)ကို စစ်တပ်တွင် အသုံးပြုရန်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
KIA စစ်တပ်မှခေါ်ဆောင်သွားသော လူငယ်များထဲတွင် ဘီလူး၊ မော်ဟန်၊ကာလူ၊ ကန်မီးရှု့ရွာမှ လူငယ်များဖြစ်ပြီး ဘီလူးရွာ စော်ဘွားကုန်းရပ်ကွက်မှ ဦးစိုင်းအောင်ရွှေ+ဒေါ်နန်းခမ်းခမ့်တို့၏ သား စိုင်းအောင်ဆန်းလင်းနှင့် ကန်မီးရှု့ရွာမှ ဦးစိုင်းမောင်အုန်း +ဒေါ်နန်းမြင့်ရီတို့၏သား ဖိုးသား(ခ)စိုင်းကျော်ဇင်ဦး တို့ဖြစ်ပြီး ၄င်းတို့မှာ NLD ပါတီဝင်များ ဖြစ်ကြောင်းကိုလည်း သိရှိသည်။
´´ကျွန်မက မုဆိုးမပါ ၊ကျွန်မသားက ကျောက်တူးသွားရင်းနဲ့ ပါသွားတာ၊ ကျွန်မသားက ဆယ်တန်းလည်း အောင်ပြီးပြီ၊ အဲဒါ ကြောင့် သူတို့ကပြန်မလွှတ်တာနေမှာ၊ မော်ဟန်က ကလေးတွေကြတော့ နောက်နေ့ တစ်ယောက်ကို ပိုက်ဆံ(၂၅၀၀၀)နဲ့ သွား ရွေးတာ(၁၂)ယောက် ပြန်ရတယ်``ဟု မိုးညှင်းမြို့နယ် ဘီလူးရွာမှ NLDပါတီဝင် ကိုအောင်ဆန်းလင်း၏မိခင် ဒေါ်ခမ်းခမ့်က ပြော သည်။
KIA စစ်တပ်သည် စုစုပေါင်းလူအယောက်(၃၀)ခေါ်ဆောင်သွားပြီး မော်ဟန်၊ ကာလူရွာဘက်မှ လူငယ်(၁၂)ဦး အား တစ်ဦး လျှင် ငွေကျပ် (၂၅၀၀၀)နှုန်းဖြင့် လွှတ်ပေးလိုက်ကြောင်း ဘီလူးရွာဒေသခံများထံက သိရသည်။
KIAစစ်တပ်မှ ပေါ်တာဆွဲသူများအား နောက်တစ်နေ့တွင် ပိုက်ဆံနှင့်ပြန်ရွေးရလေ့ရှိကြောင်း၊ ၄င်းတို့ နှစ်သက်သူများအား ပြန် လွှတ်လေ့မရှိကြောင်း၊ မြန်မာလူမျိုးမျာနှင့် NLD ပါတီဝင် မိဘများမှမွေးဖွားလာသော သားသမီးများ၊ NLD ပါတီဝင်များကို ပြန်လွှတ်ပေးလေ့ရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
မြစ်မခ
No comments:
Post a Comment