Pages

Tuesday, January 29, 2013

ပေါင်းလောင်းဆည် ရေမြှုပ်ဧရိယာအတွင်းရှိ ကျေးရွာများအား တာဝန်ရှိသူများမှ နစ်နာကြေးပေးရန် စာရင်းကောက်နေ

ဇန်န၀ါရီ(၂၉)


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်း တွင် ရေမြှုပ် ဧရိယာ အတွင်း ကျရောက်မည့် ကျေးရွာ(၂၂) ရွာအား ဇန်န၀ါရီလ(၂၈)ရက်နေ့တွင် လျှပ်စစ် အကောင်အထည် ဖော်ရေးနှင့် တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆရာဝန်များ၊ စိုက်ပျိုးရေးအရာရှိများ၊ ဆက်သွယ်ရေး နှင့် အင်ဂျင်နီယာအရာရှိများ၊ မြေစာရင်းနှင့် စီမံကိန်းဦးစီးဌာန တို့မှ ဦးစီးများ ဒေသခံရွာသူရွာသားများ ပါဝင်သောအဖွဲ့မှ နစ်နာကြေးပေးရန် စာရင်းများ လိုက်လံကောက် ယူနေကြောင်း သိရသည်။

ရေမြှုပ်ဧရိယာအတွင်းကျရောက်မည့် ကျေးရွာ(၂၂)ရွာအား စာရင်းကောက်ရာတွင်လူနေအိမ်တန်ဖိုး များနှင့်စိုက်ပျိုးထားသော နှစ်ရှည်သီးပင်စားပင်တန်ဖိုးများကိုတွက်ချက်ပေးရန်စာရင်းကောက်ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကြားတာကတော့ နှစ်ရှည်သီးပင်/ စားပင်တွေ ဥပမာ-ထန်းပင်၊ ကွမ်းသီး ပင်၊ အုန်းပင် တို့လိုမျိုး ဆိုရင် တစ်ပင်ကို တစ်နှစ်(၃၀၀၀၀)ကျပ်နှုန်းနဲ့ ငါးနှစ်စာ (၁၅၀၀၀၀) ကျပ် လျှော်ပေးမယ်လို့ သိရတယ်။ အိမ်တန်ဖိုးတွေကိုတော့ ညှိနှိုင်းတွက်ချက်နေတုန်းပဲရှိသေးတယ်။ တရားဝင်ကြေငြာထားတာတော့ မဟုတ် သေးဘူး။ လာပြီးစာရင်းကောက်တုန်းက ၀န်ထမ်းတွေပြော သွား တာပါ” ဟု လက်ပံတကဲရွာမှ ဒေသခံတစ်ဦးမှ ပြောပြပါသည်။

အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းသည် ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ ၇၀% ပြီးစီးနေပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ခန့်မှန်းထားသည်။ စီမံကိန်းပြီးပါက မဂ္ဂါဝပ်(၇၀)ရှိ ဖရန့်စစ်တာဘိုင် စက်နှစ်လုံးဖြင့် မဂ္ဂါဝပ်(၁၄၀)မှ တစ်နှစ်လျှင် ပျှမ်းမျှဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း(၄၅၄)သန်းခန့် ထုတ် ပေးနိုင်မည့်စီမံကိန်းဖြစ်တယ်လို့  လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းတွင် ဆည်အတွင်းရှိ ရေအမြင့်သည် (၁၂၁၄)ပေအထိ မြင့်နေပြီး ပတ်ဝန်းကျင်းရှိ ပေါင်းလေင်းမြစ်ဘေး ကျေးရွာများမှအနိမ့်ပိုင်းတွင်တည်ရှိသည်။ ရေအားလျှပ်စစ်ထုတ်
လုပ်ချိန်တွင် ပေါင်းလောင်းမြစ်သည် ရေလျှံပြီးအနီးရှိ ကျေးရွာ(၂၂)ရွာမှာ ရေမြှုပ်ဧရိယာဖြစ်သွားနိုင်ကြောင်း ပညာရှင်များမှ တွက်ချက်ထားသည်။ အထက်ပေါင်းလောင်းဆည်စီမံကိန်းကို မြန်မာနိုင်ငံလျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနှင့် ယူနန်စက်ယန္တရား သွင်းကုန်ထုတ်ကုန်ကုမ္ပဏီ၊ နည်းပညာပိုင်းတွင် ဥရောပ ကုမ္ပဏီအချို့ လည်း ပါဝင်နေကြောင်း သိရသည်။

No comments:

Post a Comment