Pages

Monday, January 14, 2013

မိုင်းဖြတ်မြို့တွင် ကျင်းပသော NLD၏ ပထမအကြိမ်မြို့နယ်ညီလာခံသို့ တာချီလိတ်မြို့နယ် NLD မြို့နယ်ညီလာခံကော်မရှင်အဖွဲ့မှ သွားရောက်ကြီးကြပ်


၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၂) နေ့လည်(၁၂း၄၀)နာရီက တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့သည် မိုင်းဖြတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ်မြို့နယ်ညီလာခံကျင်းပပွဲ အခမ်းအနားသို့ သွားရောက်၍ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ညီလာခံတွင် မြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့် ခရိုင်ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားသူစာရင်းမှာ (၅၃)ဦးရှိသော်လည်း တက်ရောက်လာသူ (၃၀)ဦးသာရှိခဲ့တာကို တွေ့ရှိရပါတယ်။ ညီလာခံသို့ တက်ရောက်လာသူ ၅၀ရာခိုင်နှုန်းကျော်သဖြင့် ညီလာခံအား ဆက်လက်ကျင်းပခဲ့ကြပါတယ်။


ပထမအကြိမ်မြို့နယ်ညီလာခံ၏ မြို့နယ်အလုပ်အမှုဆောင်များကို ရွေးချယ်ရာမှာ ၀င်ရောက်အရွေးချယ်ခံသူ (၁၅)ဦးရှိပြီး (၁၅)ဦးကိုပဲ အဆိုပြုထောက်ခံချက်ဖြင့် ရွေးချယ်ခဲ့ကြပြီး ထို(၁၅)ဦးထဲမှာမှ ဥက္ကဌအဖြစ် ဦးအက်စ်မာဂမ်၊ ဒု-ဥက္ကဌ အဖြစ် ဦးစိုင်းရှဲန်ဟောင်၊ အတွင်းရေးမှူး အဖြစ် ဦးစိုင်းပြေသောင်း၊  တွဲဖက်အတွင်းရေးမှူး အဖြစ် ဒေါ်နှင်းဇာလှိုင်၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးသိန်းသန်းထွဋ်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအဖြစ် ဦးတင်ထွန်း တို့က တာဝန်အသီးသီးသတ်မှတ်ရယူခဲ့ကြပြီး ဆက်လက်၍ ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ခဲ့ကြရာ အဆိုတင်သွင်းလာသူ ဦးစိုင်းရှဲန်ဟောင် အား ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ကန့်ကွက်သူမရှိရွေးချယ်ခဲ့ကြပါတယ်။


ထို့နောက်မှာတော့ ခရိုင်ညီလာခံကိုယ်စားလှယ်(၁၀)ဦးကို ရွေးချယ်ရာမှာ အဆိုတင်သွင်းလာသူ (၁၀)ဦးအား တက်ရောက်လာသည့် မြို့နယ်ညီလာခံကိုယ်စားလှယ်အားလုံးမှ ကန့်ကွက်သူမရှိ ၎င်းတို့(၁၀)ဦးလုံးအား ရွေးချယ်ခဲ့ကြပါတယ်။ အဆိုပါ ညီလာခံကို ကြီးကြပ်ရေးအတွက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ညီလာခံကော်မရှင်အဖွဲ့တို့သည် ဇန်န၀ါရီ(၁၂)ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့တာဖြစ်ပြီးတာချီလိတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပထမအကြိမ်မြို့နယ်ညီလာခံကိုတော့ 
ဇန်န၀ါရီ(၁၀)ရက်နေ့က ပြုလုပ်ခဲ့ပြီးတာဖြစ်ပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment