ယုဇနပလာဇာအား နေ့စဉ်ဖွင့်လှစ်မည်ဟု ဈေးတာဝန်ရှိသူများမှ ကြေငြာခဲ့မှုအပေါ် တနင်္လာနေ့အား မူလပိတ်ရက်အတိုင်း ထားရှိရန် ဆန္ဒဖော်ထုတ်နေမှုအား တွေ့ရစဉ်
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးမြင့် ပိုင်ဆိုင်ထားသည့် ယုဇနပလာဇာအား ဈေးသူဈေးသားများ၏ ဆန္ဒအရ ၂၀၀၉ ခုနှစ်မှ စတင်ကာ အပတ်စဉ် တနင်္လာနေ့ တိုင်း ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပိတ်ရက်သတ်မှတ် ထားသော်လည်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ နေ့စဉ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဈေးတာဝန် ရှိသူများမှ ကြေငြာခဲ့မှုအပေါ် ဆိုင်ခန်းပိုင်ရှင်များမှ မူလပိတ်ရက် အတိုင်း ပြန်လည်ထားရှိရန် ညှိနှိုင်းခဲ့သော်လည်း ဈေးတာဝန်ရှိသူများမှ တိမ်းရှောင်နေသဖြင့် ကုမ္ပဏီ ပိုင်ရှင် ဦးဋ္ဌေးမြင့်အနေဖြင့် တရားဝင်လာရောက် ဖြေရှင်းပေးစေလိုကြောင်း ဈေးသူဈေးသားများက ပြောကြားသည်။
“လွှတ်တော်အမတ်ဆိုတာ ပြည်သူ့အသံ နားထောင်ရပါမယ်။ အခုလို ဈေးသူဈေးသားအားလုံး သဘော တူညီချက်နဲ့ ပိတ်ထားတဲ့ တရားဝင် ပိတ်ရက်ကို အများဆန္ဒ မပါဘဲ နေ့စဉ်ဖွင့်မယ် ကြေငြာလိုက်တာက အာဏာရှင် ဆန်ဆန်လုပ်ပြီး ခေတ်နောက်ပြန် ဆွဲနေတာပါ” ဟု ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးတင်ဆိုင် က ပြောပါသည်။
တနင်္လာနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်မှာ ကြာမြင် ပြီးဖြစ်သည့် အတွက် ဈေးသူဈေးသားများ အပါအ၀င် ၀ယ်ယူသူများပါ အဆိုပါနေ့အား ပိတ်ရက်အဖြစ် သိရှိနေပြီး ၀န်ထမ်းများ အပါအ၀င် ဆိုင်ခန်း ရှင်များ အားလုံးမှာ နားရက်အဖြစ် သတ်မှတ်ရက် တစ်ရက်ရှိရန် လိုအပ်ကြောင်း အဆိုပါဈေးမှ ဦးချစ်က ပြောသည်။
“မြေညီထပ် ဆိုင်ခန်းအများစုက ကိုယ်ပိုင်ဆိုင်ခန်းတွေပါ။ ပလာဇာကလည်း လက်ကားဈေးဆိုတော့ အရမ်း ပင်ပန်းတဲ့အတွက် နားရက်မရှိလို့ မဖြစ်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ်ပိတ်ရင်လည်း ညွှန်ကြားချက်တွေ ထွက်လာဦးမှာမို့ ပိတ်ရက်ကို မူလအတိုင်း ရှိစေချင်ကြောင်း တရားဝင် ဖော်ထုတ်ခဲ့တာပါ။ ဦးဋ္ဌေးမြင့်နဲ့ တွေ့ခွင့်ရဖို့ လိုအပ်ပါတယ်” ဟု ဦးချစ်က ပြောသည်။
ထိုသို့ တနင်္လာနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ထားမှုအား ကုမ္ပဏီပိုင်ရှင်ဖက်မှ တရားဝင် ဖွင့်လှစ်
ကြောင်း ကြေငြာခဲ့မှုအပေါ် တည်ဆဲဥပဒေများ အတိုင်း ဖြေရှင်းပေးပါရန် အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဋ္ဌာန အပါအ၀င် သက်ဆိုင်ရာ ဋ္ဌာနများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်းလည်း သိရသည်။
၁၉၉၇ ခုနှစ်မှ စတင်ဖွင့်လှစ် ရောင်းချခဲ့သည့် ယုဇနပလာဇာတွင် ဆိုင်ခန်းပေါင်း ၂၀၀၀ နီးပါးခန့် ရှိနေပြီး ၂၀၀၉ ခုနှစ်တွင် ပိတ်ရက် သတ်မှတ်ရန် ဆန္ဒကောက်ခံခဲ့စဉ်က တင်္နလာနေ့အား ပိတ်ရက်သတ်မှတ် ပေး ရန် မြေညီထပ်မှ ၄၂၀ မဲ၊ ပထမထပ်မှ ၁၈၈မဲ၊ ဒုတိယထပ်မှ ၁၃၂ မဲ၊ တတိယထပ်မှ ၁၅၂မဲ၊ စတုတ္ထထပ်မှ ၁၈ မဲဖြင့် အများဆန္ဒနှင့် အညီ ပိတ်ရက် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့လည်း လူပဲဗျာ။ ပိတ်ရက်လိုချင်တာပေါ့၊ ကုမ္ပဏီပိုင်ရှင် အနေနဲ့ ခရိုနီပီသစွာ ငါဖွင့်ချင် ဖွင့်မယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး” ဟု ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ကိုကျော်ကျော်က ဆိုသည်။
အထက် ပါ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သတ်၍ ဈေးတာဝန်ခံ ရုံးခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ရှိ သူများ မရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။
သတင်း
Eleven Media Group

No comments:
Post a Comment