Pages

Tuesday, February 19, 2013

အရေပြား ကင်ဆာကို ကာကွယ်နိုင်သော အပင်ထွက် ဓာတ်ပေါင်း တစ်မျိုး

ဆူးလေးပင် (thistle)မှ ရရှိသော ဓာတ်ပေါင်း တစ်မျိုးဖြစ်သော
silibininသည် ခရမ်းလွန် ရောင်ခြည်ကြောင့် ဖြစ်တတ်သော အရေပြား ကင်ဆာကို ကာကွယ် နိုင်သည်ဟု သုတေသန အသစ် တစ်ရပ်တွင် ဖော်ပြထားသည်။ ယခု သုတေသနကို ပြုလုပ်သူ အမေရိကန် နိုင်ငံ၊ Colorado University Cancer Centreမှ သုတေသီ Dr.Rajesh Agarwalက ခရမ်းလွန် ရောင်ခြည် UV သင့်မှုကြောင့် အရေပြားဆဲလ် ပျက်စီးမှုများ ရှိနေကြောင်း၊ အရေပြား ကင်ဆာကို မဖြစ်ပွား စေနိုင်ရန် အဆိုပါ ဆဲလ်များကို သတ်ပစ်ခြင်း သို့မဟုတ် ပြန်လည် ပြုပြင် ပေးရန် လိုကြောင်း၊ အဆိုပါ အာနိသင် နှစ်မျိုးလုံးကို silibininက လုပ်ဆောင်ပေး နိုင်ကြောင်း ပြောကြား ထားသည်။
လေ့လာမှုတွင် လူ့အရေပြား ဆဲလ်ကို UVA သင့်စေ ခဲ့သည်။ အရေပြားဆဲလ် ဖြစ်သော keratinocyte တွင် စမ်းသပ် ခဲ့ခြင်းဖြစ်ပြီး ခရမ်းလွန် ရောင်ခြည်သင့် ဆဲလ်များကို silibinin အား အသုံးပြုပြီး ကုသခဲ့ရာ ဘေးထွက် ဆိုးကျိုးများကို မတွေ့ခဲ့ရပေ။ ယခု သုတေသနတွင် တွေ့ရှိခဲ့သည်မှာ UVAကြောင့် ပျက်စီးနေသော ဆဲလ်များကို silibininက သေဆုံး စေနိုင်ပြီး အရေပြား ကင်ဆာနှင့် အိုမင်းရင့်ရော်မှုကို ဖြစ်စေသော အရေပြား ဆဲလ်များကိုလည်း ပြုပြင် ပေးနိုင်ကြောင်း ပင်ဖြစ်သည်။ Dr.Rajesh Agarwal က ယခု လေ့လာမှုသည် sili binin ကို ကုထုံး အဖြစ် အသုံးပြုနိုင်ရန် အကြို စမ်းသပ်မှု တစ်ခု ဖြစ်ကြောင်း၊ ယခု နည်းပညာသည် UVA သင့်နေသော ဆဲလ်များ အတွင်းမှ ကင်ဆာ ဖြစ်စေသော ဓာတ်တိုး အောက်စီဂျင် များကို လျော့ပါး စေသော အာနိသင်ကို အခြေခံကြောင်း ရှင်းပြ ထားပါသည်။
ယခု လေ့လာမှုတွင် အသုံးပြုခဲ့သော silibinin ၏ အရေပြား ကင်ဆာ အပေါ် အာနိသင်ကို နှစ်ပေါင်း ၂၀ခန့် ကြာအောင် သုတေသန ပြုခဲ့ရကြောင်း၊ အရေပြား ကင်ဆာ အပြင် အခြား အင်္ဂါ အစိတ်အပိုင်း များတွင် ဖြစ်ပွားတတ်သော ကင်ဆာ များကိုပါ ကုသ ကာကွယ် နိုင်မှု ရှိမရှိကို မိမိတို့ ဆက်လက် လေ့လာ နေကြောင်း၊ silibininကို အရေပြား ကင်ဆာ ကုထုံးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် မိမိတို့ ကြိုးပမ်း နေကြောင်း Dr.Rajesh Agarwal က ပြောကြားခဲ့သည်။
ယခု လေ့လာမှုကို Journal of Photochemistry and Photo -biology တွင် ဖော်ပြ ထားခြင်း ဖြစ်သည်။
သက်နှင်း
Health Updates Journal

No comments:

Post a Comment