Pages

Tuesday, April 23, 2013

လားရှိုးတွင် သောက်သုံးရေ ပြတ်လပ်

ဧပြီ(၂၃)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေတွင်း၊ ရေကန်များ ခမ်းခြောက်လာသဖြင့်လားရှိုးမြို ပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများဖြင့် ကြုံတွေ့လျက်ရှိနေကြောင်း ဒေသခံ ပြည်သူများက ပြောကြားသည်။
“အရင်နှစ်တွေထက်စာရင် ဒီနှစ်က ရေတွေခမ်းခြောက်တာပိုပြီးစောတယ်။ လားရှိုးမြို့ စည်ပင်သာယာအဖွဲ့က သောက်သုံးရေအဖြစ် အဓိကဖြန့်ဖြူးတဲ့ ရေကန်ပေါင်း(၂၀)ရှိတယ်။ (၁၇)ကန်ကတော့ လုံးဝရေခမ်းခြောက်သွားပြီ၊ ကျန်နေသေးတဲ့ ရေကန်(၃)ကန်ကလည်း ရေနည်းနည်းပဲ ရှိတော့တယ်” ဟု စည်ပင်သာယာအဖွဲ့မှ အမျိုးသမီး ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် ဒေသခံ ပြည်သူများသည် ၀မ်းစာအတွက် တောင်ယာများ ခုတ်ထွင် ရှင်းလင်းခြင်း၊ မီးသွေးဖုတ်ခြင်း၊ ထင်းအဖြစ် သစ်ပင်များခုတ်ခြင်း၊ စီးပွားသမားများမှ သစ်တောများအား တရားမ၀င် ခုတ်ထွင် ရောင်းချခြင်းများကြောင့် ရေဓါတ်ထိမ်းသိမ်းသော သစ်တောများပြုန်းတီးကာ ရေဦး/ ရေထွက်များ ခမ်းခြောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့ဆီမှာဆိုရင် တစ်လပိုင်းကနေ ရေ၀ယ်သောက်ရတယ်။ သောက်သုံးရေအတွက် ထော်လာဂျီတစ်စီးကို (၄၀၀၀) နဲ့ဝယ်သုံးရတယ်၊ တစ်ခါတစ်လေဆိုရင် (၄/၅)ရက်မှ ရေ၀ယ်လို့ရတယ်။ ဒီမှာနေရင် ရေတောင်ငတ်တယ်။ စည်ပင်က ရေပိုက်ရှိလည်း ရေမလာဘူး၊ (၃/၄)လလောက်ရှိပြီ”ဟု ရပ်ကွက်(၁)မှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အ၀ီစိတွင်းရေ ဖြန့်ဖြူးရောင်းချသူ တစ်ဦးက”နှစ်တိုင်း တပေါင်းလကစပြီး မြို့ပေါ်က ရေတွင်း၊ရေကန်တွေ ခမ်းခြောက်ကုန်လို့ မိုးကျတဲ့အထိ ရေအရမ်း ရောင်းရတယ်။ ထွေလာဂျီတစ်စီး ကို ဝေးရင်ဝေးသလို နီးရင်နီးသလို ၄၀၀၀၊ ၅၀၀၀၊ ၇၀၀၀ သတ်မှတ်ပြီးရောင်းပါတယ်”ဟု ပြောကြားသည်။

စည်ပင်သာယာဦးစီးဌာနမှ ရေဖိုး လစဉ်ကြေးယူကာ ရေပိုက်များသွယ်တန်းပြီး ရေများပေးဝေခဲ့သော်လည်း လွန်ခဲ့သော (၃/၄)လခန့်ကတည်းက ရေများပေးဝေနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

“ကျွန်တော်တို့လားရှိုးမှာ ရေရှားနေရတဲ့ ပြသနာကတော့ အမြဲလိုလို နွေရာသီဆိုရင် ရောက်လာတဲ့ ဧည့်သည် တစ်ယောက်လို ဖြစ်နေတယ်။ အိမ်တိုင်းတိုင်းလိုလို သောက်သုံးရေရှားပါး လို့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရတွေက အ၀ီစိတွင်းတွေကို တူးဖော် ပေးနိုင်ရင်တော့ ဒီသောက်သုံးရေရှားပါးမှုကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်” ဟု ဒေသခံတစ်ဦးမှ ပြောကြားသည်။

ပြည်သူများမှ မဲပေးပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားသူများနှင့် အုပ်ချုပ်ရေးမှူးများမှာ ပြည်သူများခံစားနေရသော သောက်သုံးရေ အခက်အခဲအား ဖြေရှင်းပေးနိုင်ခြင်းများ မရှိကြောင်း ဒေသခံ ပြည်သူများက ပြောကြားသည်။

မြန်မာ့ခေတ်

No comments:

Post a Comment