Pages

Thursday, May 2, 2013

ဒေါ်နန်းနုဝါ၏ ၂၀၁၅ အကြိုလှုပ်ရှားမှုများ


မေ(၂)ရက်

၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်စတင်မည်ဖြစ်တာကြောင့် ဒီလိုလွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားထား ချိန်မှာ သက်ဆိုင်ရာလွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာမြို့နယ် အသီးသီးမှာ စည်းရုံး ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)ရဲ့ ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနုဝါသည်လည်း ယခုနှစ်ဧပြီလအတွင်းတွင် ကွန်ဟိန်းမြို့နယ် အတွင်းက ကျေးရွားများသို့ကွင်းဆင်းပြီး ၂၀၁၅ ခုနှစ်မှာပြုလုပ်မဲ့အကြိုရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းများပြု လုပ်လာကြောင်း  တွေ့ရပါတယ်။

“ ကျားဖြူပါတီက နန်းနုဝါလေ ယခုသင်္ကြန်လောက်ကစပြီး ကာလိ၊ ၀မ်လော၊ ဆိုက်ခေါင်၊ ကျိုင်းခမ်း၊ လိုက်ကမ် နှင့် ကုန်းပေါင်ကျေးရွာတွေကို စည်းရုံးရေးသွားတယ်၊ အရင်တုန်းကတော့လာတာမတွေ့ရဘူး၊ သူကရွာတွေမှာ ဟောပြောတာကတော့ ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ဗမာစစ်တပ်နဲ့ ဌာနဆိုင်ရာတွေက အနိုင်ကျင့်ရင် သူ့ကိုတိုင်နိုင်တယ်၊ လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းအမျိုးသားပါတီဖြစ်တဲ့ ကျားဖြူပါတီကို မဲပေးရ မယ်၊ ကွန်ဟိန်းမြို့နယ်ထဲက ကျေးရွာများမှ တစ်ရွာလျင် အမျိုးသား ၁၀ ဦးကို ပါတီဝင်ခန့်အပ်မယ်၊ ဒါတွေပါပဲ၊ ကျွန်တော်တို့ကတော့ စာမတက်တော့ သိပ်နားမလည် ဘူးလေ၊ အေးအေးချမ်းချမ်းနေရရင် တော်ပါပြီ ” ဟု ဒေသခံတောင်သူတစ်ဦး အား မေးမြန်းရာ ဖြေကြားခဲ့ ပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ကွန်ဟိန်းမြို့နယ်ဟာ SSA(တောင်ပိုင်း)တပ်ဖွဲ့တွေ အမြဲတမ်းလှုပ်ရှား စိုးမိုးနေတဲ့နေရာ ဖြစ်ပါတယ်၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူ ထားပေမယ့် မကြာခဏတိုက်ပွဲ တွေဖြစ်နေတဲ့ဒေသဖြစ်ပါတယ်၊ ဒီလိုနယ်မြေ မှာ ဒေါ်နန်းနုဝါရဲ့ စည်းရုံးရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဒေသခံ နိုင်ငံရေးလေ့လာသူတစ်ဦးက အခုလိုပြောကြားသွားပါတယ် “ သူ(နန်းနုဝါ) ရွာတွေအထိသွားပြီး စည်းရုံးရေး လုပ်တာ ဘယ်တပ်နဲ့ရဲမှ လုံခြုံရေးမပါဘူး၊ သူကပဲ မခေါ်တာလား၊ အာဏာပိုင်တွေကပဲ မပေးတာလားတော့ မသိဘူးဗျ၊ ဒါပေမယ့် ၀မ်လောကျေးရွာ ဘက်ကိုသွားတဲ့အချိန်ကစပြီး ရှမ်းစစ်တပ်က ဗိုလ်ကြီး စံသြနဲ့ အင်အား ၃၀ လောက်ကလာကြိုပြီး လုံခြုံရေးတောက်လျှောက်လုပ်ပေးပါတယ် ” 

ဒါ့အပြင် သူမရဲ့စည်းရုံးဟောပြောမှုနဲ့ပတ်သက်ပြီး ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ယခုလိုပြော ကြားသွားပါတယ် “ ဒေသဖွံဖြိုးရေးတို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ ဒါတွေကတော့ ကောင်းပါတယ်၊ ဒါပေမယ့်ဌာနဆိုင်ရာနဲ့ စစ်တပ်က ရွာသားကိုအနိုင်ကျင့်ရင် သူ့ဆီကိုတိုင်ပါ၊ သူကလူကြီးတွေကို ဆက်တင်ပြ မယ်လို့ ပြောတယ်၊ ဒါကတော့သူ့ကို မတိုင်လည်း တာဝန်ရှိတဲ့သူတွေကတော့ ထိထိရောက်ရောက် အရေးယူ နေတော့ အောက်ကလည်း အရင်တုန်းကလို ပေါက်ကရမလုပ်ရဲတော့ဘူး၊ မကြားရသလောက်ဖြစ်သွားတယ်၊ ရှမ်းစစ်တပ်က ဆက်ကြေးကောက်၊ အတင်းအဓမ္မလူသစ်စု၊ လူဖမ်း၊ ဆန်တောင်း၊ ပြန်ပေးဆွဲလုပ်နေတာတွေ ကိုတော့ သူ(ဒေါ်နန်းနုဝါ) ဘာမှကိုပြောလည်းမပြောဘူး၊ မေးလည်းမမေးဘူးလေ၊ ရွာသားတစ်ချို့ကတော့၊ အခြေအနေရှင်းပြချင်တယ်၊ သူက မစတော့ ဘာမှမပြောရဲကြတော့ဘူး၊ ပြည်သူ့ကိုယ်စားလှယ် ဆိုတာက ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာ၊ အနိုင်ကျင့်ခံနေရတာ၊ အကြောက်တရားနဲ့ စိုးမိုးမှုခံနေရတာတွေကို သမာသမတ်ရှိရှိ ပြောဆိုနိုင်ရမယ်၊ တားဆီးပေးနိုင်ရမယ်လေ၊ အခုကျတော့ ရှမ်းစစ်တပ်က မဟုတ်တာလုပ်နေ တာတွေကို မသိချင်ယောင်ဆောင်ပေးနေတယ်လို့ ယူဆရမလိုဖြစ်နေပြီ” ။

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလကစပြီး SSA(တောင်ပိုင်း)အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူခဲ့ပါ တယ်၊ အဲဒီကာလနောက်ပိုင်းမှာလည်း အစိုးရစစ်တပ်နဲ့ ရှမ်းစစ်တပ်ဟာ တိုက်ပွဲတွေ မကြာခဏြ ဖစ်ပွားနေဆဲ ဖြစ်ကြောင်း၊ ရှမ်းစစ်တပ်ကလည်း အဓမ္မလူသစ်စု၊ ဆက်ကြေးကောက်တဲ့အလုပ်တွေ အရင်ကထက် ပိုမိုလုပ် ဆောင်နေကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

ဒေါ်နန်းနုဝါရဲ့ ကွန်ဟိန်းမြို့နယ်အတွင်း စည်းရုံရေးခရီးစဉ်အတွင်း ကျေးရွာတွေမှာဟောပြောစဉ် တစ်ရွာလျင် အမျိုးသား ၁၀ ဦးကို ကျားဖြူပါတီဝင်အဖြစ် ခန့်အပ်မည်ဟု ပြောကြားသွားခဲ့ကြောင်း သိရပါတယ်၊ ဒါနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံရွာသားက “ ကျွန်တော်တို့က ရှမ်းစစ်တပ်ကို အမြဲတမ်း ငွေ/ဆန် ပေးရတယ်၊ ရှမ်းစစ်သားလုပ်ဖို့အတွက်လည်း လူသစ်ပေးရတယ်၊ မပေးရင် အသက်ခံရမယ်လေ၊ ရွာတွေမှာ အရွယ်ကောင်း လူငယ် ကျား/မ မရှိသလောက်ပဲ၊ ရှမ်းစစ်သားလုပ်ရတာနဲ့ တစ်ချို့ကလည်း မြို့နဲ့ ယိုးဒယားကို ထွက်ပြေးသွားပြီလေ၊ အခုသူ(နန်းနုဝါ)က ကျားဖြူပါတီဝင်ဖို့ ရွာသား ၁၀ ယောက်တောင်းပြန်ပီ၊ ဒုက္ခရောက်နေ ရတဲ့အထဲ သူတောင်းတာမပေးနိုင်လို့ ရွာသားတစ်ချို့ ရှမ်းစစ်တပ်က ဗိုလ်လုံ စံသြကိုသွားတိုင်တယ်၊ ဗိုလ်လုံ စံသြက တစ်ရွာကို ၅ ယောက်ပဲ ပါတီဝင်ပေးရမယ်လို့ ညှိပေးပါတယ်၊ ရှမ်းစစ်တပ်နဲ့ ကျားဖြူပါတီက အတူတူပဲ လေ ” ဟု ပြောပါသည်။
 

ဒေါ်နန်းနုဝါ၏ အကြိုရွေးကောက်ပွဲစည်းရုံးမှုနဲ့ ပတ်သက်ပြီး အခြားနိုင်ငံရေးပါတီဝင်တစ်ဦးက “ သူ(နန်းနုဝါ)ရဲ့ အဖေကလည်း တပ်မဟာ(၇)(ကာလိပြည်သူ့စစ်)က လူကြီးလေ၊ တပ်မဟာ(၇)ဆိုတာက တပ်မဟာ(၁) SSPP/ SSA(၀မ့်ဟိုင်း)အဖွဲ့နဲ့ အတူတူပါပဲ၊ နောက်ပြီး သူနဲ့ SSPP/SSA ပူးပေါင်း လှုပ်ရှားနေတာကို အခုကွန်ဟိန်းစည်းရုံး ရေးကွင်းဆင်းတော့ ရှမ်းစစ်တပ်က လုံခြုံရေးလိုက်လုပ်ပေးတာကို ကြည့်ရင်ရှင်းပါတယ်၊ SSPP/SSA နဲ့ RCSS/ SSA အဖွဲ့တွေရဲ့ ဒေသခံလူထုအပေါ်မှာ အကြောက်တရားနဲ့ စိုးမိုးထားနိုင်မှုကို နိုင်ငံရေးအမြတ်ထုတ်ပြီး မဲရ အောင် ကြိုးစားနေတာပါ၊ ဒီနည်းနဲ့ဆိုရင်တော့ အခြားပါတီတွေက ကျားဖြူ(SNDP) ပါတီကို ယှဉ်ဖို့ သိပ်မလွယ် လှဘူး” ဟုပွင့်ပွင့်လင်းလင်းဝေဖန် သုံးသပ်ပြောပြသွားပါတယ်။

No comments:

Post a Comment