ဇွန်လ ၂၆ ရက်
လားရှိုးမြို့နယ်၏ အခြေခံပညာ သင်ကြားမှုများတွင် ကျောင်းနေအရွယ် ကလေးများ၊ကျောင်းတက်နိုင်သော ဦးရေထက် ကျောင်း မတက်နိုင်သောဦးရေမှာ ပိုမိုများပြားလျှက်ရှိပြီး၊ ဆရာနှင့် ကျောင်းသားဦးရေအချိုးမှာ(၁း၅၀)ခန့်ဖြစ် နေကြောင်း လားရှိုး ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းမနေသော ကလေးသူငယ်များ လားရှိုးမြို့တွင် ပိုမိုများပြားနေပြီး၊ ကျောင်းတက်နေသော ကျောင်းသားများမှာလည်း အထက်တန်းအဆင့်ထိရောက်ရှိမှုဦးရေမှာ ဆယ်ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ ပညာရပ်ဆိုင်ရာ သင်ကြားမှုများတွင် ဆရာ/ဆရာမ တစ်ယောက်လျှင် ကျောင်းသား (၅၀)ကျော်အားသင်ပေးနေရသည့်အတွက်ကျောင်းသားရော၊ ဆရာ/ဆရာမပါအခက်အခဲ များရှိနေကြပြီး၊ သင်ယူတတ်မြောက်မှုမှာလည်း အားနည်းလျှက်ရှိကြောင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျောင်းသား မိဘများကလည်း မိမိကလေး ပညာသင်ကြားမှုကို အလေးထားမှု အားနည်းခြင်း၊ ကျောင်းသား တစ်ဦးချင်းစီ၏ လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်မှု အားနည်းခြင်း၊ သင်ကြား/ယူမှု အထောက်အကူပြု ပစ္စည်းများ လိုအပ်ချက်ရှိခြင်း၊ ကျောင်းသားအချို့သည် တိုင်းရင်းသားများ ဖြစ်နေသောကြာင့်ဘာသာစကား မတူညီသည့်အတွက် ဆရာ/ဆရာမနှင့် ကျောင်းသားများပါ အခက်အခဲများ ရှိနေခြင်းကြောင့် အထက်တန်းအဆင့်သို့ တက်ရောက်နိုင်သည့် ဦးရေမှာ
ရာခိုင်နှုန်းအားဖြင့် နည်းပါးသွားခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ ကြားသိရသည်။
“ကျွန်တော့်သား ကျောင်းဆက် မနေတော့ဘူး။ ရွာနဲ့ကျောင်းက အဝေးကြီး ဆိုင်ကယ် မရှိဘူး။ သုံးဘီးစီးသွားရင်လည်း နေ့တိုင်း ပိုက်ဆံမပေးနိုင်ဘူး။ပိုက်ဆံလည်း မရှိဘူး၊ လယ်လုပ်ရတာလေ။ အဲဒါကြောင့် ကျောင်းမနေခိုင်းတော့ဘူး”ဟု ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။အချို့ရွာများတွင် မူလတန်းကျောင်း၊ မူလွန်ကျောင်းများသာ ရှိသောကြောင့် အလယ်တန်းနှင့် အထက်တန်းကျောင်းများကို သွားတက်ရန် အလှမ်းဝေးသည့်အတွက်ကျောင်းမတက်တော့ဘဲ ကျောင်းထွက်ပြီး၊ အလုပ်လုပ်တဲ့ ကလေးတွေ များလာကြောင်း၊ လားရှိုးမြို့တွင် ဘာသာရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော မိဘမဲ့ဂေဟာ (၁၀)ခုရှိပြီး၊ မိဘမဲ့ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသား ကလေးပေါင်းစုံကို ပညာသင်ကြားပေးမှုများ ရှိနေသော်လည်း ကျောင်းမနေသည့်ကလေးများ အများအပြား ရှိနေကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် အ.ထ.ကကျောင်း (၈)ကျောင်း၊ အ.ထ.က(ခွဲ) (၈)ကျောင်း၊ အ.လ.က(၆)ကျောင်း၊ အ.လ.က (ခွဲ) (၁၀)ကျောင်း၊ မူလတန်းလွန် (၂၉)ကျောင်း၊အ.မ.က(၈၆)ကျောင်း၊ အ.မ.က(ခွဲ) (၉)ကျောင်း၊ စုစုပေါင်း (၁၄၈)ကျောင်းရှိပြီး၊ ကျောင်းနေဦးရေမှာ မူလတန်း (၂၈၈၁၆) ဦး၊ အလယ်တန်း (၁၅၈၂၇)ဦး၊အထက်တန်း (၄၆၆၃)ဦး၊ စုစုပေါင်းဦး (၄၉၃၀၆)ဦးရှိပြီး၊ လက်ရှိသင်ကြား နေသောဆရာ/ဆရာမ အင်အားမှာ အထက်တန်းပြ (၁၈၂)ဦး၊ အလယ်တန်းပြ (၄၃၆)ဦး၊လယ်/မူ (၃၂၂)ဦး၊ မူလတန်းပြ (၄၉၃)ဦး၊ စုစုပေါင်း (၁၄၃၃)ဦးရှိရာ လက်ရှိကျောင်းသား အင်အားနှင့် ဆရာ/ဆရာမ ဦးရေမှာ (၁း ၅၀) ခန့်ရှိပြီး၊
ကျောင်းတက်နိုင်သော ကျောင်းသားဦးရေထက် ကျောင်းမတက်နိုင်သော ကျောင်းသားဦးရေမှာ ပိုမိုများပြားလျှက်ရှိနေကြောင်း သတင်းရရှိသည်။
ချစ်ထွေး (လားရှိုး)
The Myanma Age

No comments:
Post a Comment