Pages

Wednesday, June 26, 2013

မိုင်းယုလေး စစ်ဘေးရှောင်စခန်းသို့စစ်ဘေးရှောင်သူများ ပိုမိုရောက်ရှိလာ

ဇွန်လ ၂၆ ရက်
 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ်တည်ဆောက်ထားသည့် စစ်ဘေးရှောင် စခန်းသို့စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

မိုင်းယုလေးရွာ စစ်ဘေးရှောင် ရွာသူ/သားများသည် ဇွန်လ ၂၂ရက်နေ့၌ အစိုးရနှင့် လက်နက်ကိုင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။

“အစကတော့ စခန်းအနေနဲ့ဖွင့်ဖို့ အစီအစဉ်မရှိဘူး။ ကနဦးက ရွာသားတွေဟာ တိုက်ပွဲဖြစ်လဲ ရွာမှာပဲ နေနေကြတာ။ နောက်ပိုင်း ရွာနားမှာဖြစ်လာတော့ဒီဘက်ကို ထွက်ပြေးလာကြရင်း တဖြည်းဖြည်း များလာတာ။ ဒါနဲ့ ကျွန်တော်ရယ် ရပ်ကွက်စာရေးရယ် မူလတန်းကျောင်းအုပ် ဆရာမရယ် ၃ဦးတိုင်ပင်ပြီး၊ကော်မတီ နှစ်ခုခွဲပြီး ဆောင်ရွက်နေတာ၊ ဖွင့်တာကတော့ ဇန်န၀ါရီလထဲက ဖွင့်ထားတာ။ အခုမှ လူပို များလာတာ”ဟု စခန်းတာဝန်ခံ ဦးကျမ်ဆာက ဆိုသည်။

လက်ရှိစခန်းသို့ ရောက်လာသူများမှာ ပန်းပူး ကျေးရွာအုပ်စု၊ ပိန်ပွန်ကျေးရွာနှင့် မန်စိန်ရွာတို့မှ ပလောင်(၀်) တိုင်းရင်းသားများ
ဖြစ်ကြကြောင်း သိရသည်။

“မန်စိန်က အိမ်ထောင်စု လေးစုပါတယ် ၂၂ရက်နေ့က ရောက်လာတာ။ ကျန်တဲ့သူတွေကတော့ လုံကန် ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတယ်။အဲဒီကလူတွေ ထပ်ရောက်လာရင် ကျနော်တို့တော့ တော်တော် ခက်ခဲလိမ့်မယ် ဟု ဦးကျမ်ဆာမှ ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အဆိုပါစခန်းရှိ စစ်ဘေးရှောင်ဦးရေမှာ ကျား/မပေါင်း (၃၇၈)ဦးရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၂)ဦးရှိကြောင်း သိရှိရသည်။စစ်ဘေးရှောင် ဒေသခံများ ပိုမိုများပြားလာသဖြင့် ၎င်းတို့နေထိုင်ရန် အမိုးအကာနှင့် ကလေးငယ်များ အတွက် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)

No comments:

Post a Comment