Pages

Friday, June 28, 2013

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲမှ ကြေညာချက် ၅ ရပ် ထုတ်ပြန်

ဇွန်လ ၂၈ ရက်



ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်နှင့် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် ဇွန်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်သော အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သြဝါဒခံယူပွဲတွင် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲမှ ကြေညာချက် ၅ ရပ် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃာ့နာယက သာသနာရေးအဖွဲ့တို့အား အမျိုးဘာသာ သာသနာရေးကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး၏ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံမဖြစ်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်း၍ ယင်းအစည်းအဝေးပွဲမှ ကောက်ခံအတည်ပြုကြောင်း သိရသည်။

ထို့ပြင် မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ယင်းအစည်းအဝေးပွဲသို့ တက်ရောက်လာကြသော သံဃာကိုယ် စားလှယ် ၁၅၀၀ ခန့်မှ တည်တညွတ်တည်း အတည်ပြု ထောက်ခံခဲ့ကြပြီး မြန်မာနိုင်ငံမှ သံဃာတော်အရှင်မြတ်တပါးဖြစ်သော အရှင်ဝိရသူ၏ ပုံနှင့် The Face of Buddhist TERROR ဟု ဖော်ပြလိုက်သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ၇က်နေ့ထွက် Time Magazine ကို အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

မျိုးစောင့်ဥပဒေသည် ပဋိပက္ခများ လုံးဝပျောက်ကွယ်သွားမည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ရှေးရှုကြောင်း၊ ယင်းဥပဒေသည် ပြည် သူလူထု၏ သဘောထားကို ကောက်ခံပြီး ပြည်သူ့သဘောထားအရ တင်သွင်းအဆိုပြု သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဓမ္မ တက္ကသိုလ်မှ ငါးကျမ်းပြန် ဆရာတော် အရှင်ဓမ္မပီယက မိန့်ကြားသည်။

ယင်းအစည်းအဝေးပွဲသို့ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဦးဆောင်ဆရာတော် ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ယင်းထုတ်ပြန်ကြေညာ ချက် ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ သတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment