ဇွန်လ ၂၈ ရက်
မြွေဆိပ်ဖြေဆေး အတုအစစ် ခွဲခြားရာတွင် အစစ်ဆိုပါက မြွေဆိပ်ဖြေဆေးပုလင်း
တံဆိပ်ပေါ်တွင် ဆေးဝါးစက်ရုံ ထုတ်လုပ်စဉ်ကတည်းကပင် သက်ဆိုင်ရာ ဌာနအလိုက်
လျို့ဝှက် ကုတ်နံပါတ်များ ပူးတွဲ ပါရှိကြောင်း မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဋ္ဌာန
(အောက်မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
ထို့ပြင် မြွေဆိပ်ဖြေဆေး အတုတွင် Horse ဟူသည့် စာလုံးအစား House ဟု
ရေးသားထားတတ် ကြောင်း၊ မြွေဆိပ်ဖြေဆေး အတုသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင်
ဈေးကွက်အတွင်း ထွက်ရှိသည်ကို မကြားသိရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဆေးအတုတွေ လုပ်တဲ့နေရာမှာ ဆေးအကြောင်းကို နားလည်တဲ့လူပါရင်
ပိုဆိုးလိမ့်မယ်။ ဆေးဝါး စစ်ဆေးတဲ့အခါမှာ အခြေခံအဆင့်ကို အစစ်အတိုင်း
သုံးထားတော့ နောက်ဆုံး အဆင့်မှာ ပြောင်းထားတာ မပေါ်ဘူးပေါ့” ဟု တပ်မတော်
ဆေးတက္ကသိုလ်မှ ဆရာဝန် တစ်ဦးက The Voice သို့ ပြောဆိုသည်။
ဆေးသုတေသန (အောက်မြန်မာပြည်) သည် မြွေဆိပ်ဖြေဆေး သုတေသနလုပ်ငန်းအပြင်
ရှေးဦး သူနာပြုစုနည်းသစ်ဖြစ်သည့် အဝတ်ထုံး ကြပ်စည်းနည်း တီထွင်ခြင်း၊
မြွေစွယ် မထိုးဖောက်နိုင်သည့် ကာကွယ်ဖိနပ် တီထွင်ခြင်း၊
မြွေတစ်ကြိမ်ပေါက်လျှင် မြွေဆိပ်ထွက်ရှိမှု ပမာဏရှာဖွေခြင်း စသည်တို့ ကို
ရှာဖွေ တွေ့ရှိခဲ့ကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။
အမှတ် (၁) ဆေးဝါးစက်ရုံ (ယခင် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ) သည်
မြင်း၏ သွေးရည်ကြည် က ထုတ်လုပ်သော မြွေပွေး အဆိပ်ဖြေဆေးနှင့် မြွေဟောက်
အဆိပ်ဖြေဆေး၊ သိုး၏ သွေးရည်ကြည် က ထုတ်လုပ်သည့် မြွေပွေး
အဆိပ်ဖြေဆေးတို့ကို ထုတ်လုပ်လျက်ရှိပြီး အဆိုပါ အဆိပ်ဖြေဆေး သုံးမျိုးကို
မြန်မာနိုင်ငံတွင် အဓိက သုံးစွဲလျက်ရှိသည်။
The Voice Weekly

No comments:
Post a Comment