Pages

Thursday, June 20, 2013

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များကို ကားအစီး ၈ဝဝ ခန့် တင်သွင်းခွင့်ပေး


ဇွန်လ ၂၀ ရက်
အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ကို အစိုးရက ကား ၇၉၅ စီး တင်သွင်းခွင့် ပေး လိုက်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ စုံစမ်း ရရှိသည်။

မွန်ပြည်နယ် အစိုးရရုံးသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ကို နယ်စပ် ဂိတ်ပေါက်များမှ တဆင့် တင်သွင်း ခွင့်ပြုရန် သမ္မတရုံးက ညွှန်ကြားထား သည်ဟု စုံစမ်းရရှိသည်။

သို့သော် အစိုးရက တင်သွင်းခွင့်ပေးသည့် မော်တော်ယာဉ် အရေအတွက်များ အနက် မည်သည့်အဖွဲ့အ စည်း က အရေအတွက်မည်မျှခွဲတမ်းရရှိမည်ကို မသိရှိကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ အရာရှိတစ်ဦး က ပြောသည်။

ကားတင်သွင်းခွင့်ရရှိသည့် တိုင်းရင်းသားအဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ပြည်တွင်းဆက်ဆံရေး တာဝန်ခံ နိုင်တလညီက ၎င်းတို့ပါတီအနေဖြင့် အစိုးရနှင့် အပစ် ခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မော်တော် ယာဉ် တင်သွင်းခွင့်ကို တောင်းဆိုခဲ့သည်ဟု ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ''ကျွန်တော်တို့ မွန်ပြည်သစ်ပါတီကို မော်တော်ယာဉ် တင်သွင်းခွင့် ပေးမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ခုထိ ကျွန်တော်တို့ဆီကို အသေးစိတ် အကြောင်းကြား လာတာတော့ မရှိသေးဘူး'' ဟု လည်း သူက ဆိုသည်။

ယခင် အပစ်အခတ် ရပ်စဲစဉ် ကာလကလည်း မွန်ပြည်သစ်ပါတီအတွက် အသုံးပြုရန် ကား ၇၅ စီးကို အစိုးရ က တင်သွင်းခွင့် ပေးခဲ့ဖူးသည်ဟုလည်း သိရသည်။

ကားတင်သွင်းခွင့် ရရှိသည့် လက်နက်ကိုင်ပါတီများမှာ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအို့ဝ် အမျိုးသား အစည်းအရုံး (PNLO) အစရှိသည့် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး
ဆွေးနွေးမှု အောင်မြင်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment