Pages

Saturday, June 15, 2013

ဓားပြမှုဖြစ်ပြီးနောက် မော်လမြိုင်အဝေးပြေးကားများတွင် CCTV တပ်ဆင်တော့မည်


ဇွန်လ ၁၅ ရက်
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အဝေးပြေး ကားလိုင်းများကို လုံခြုံရေး အတွက် ယာဉ်ပေါ်တွင် CCTV လုံခြုံရေး ကင်မရာ တပ်ဆင်ရန် ပြည်နယ် ရဲတပ်ဖွဲ့က ညွှန်ကြားလိုက်သည်။ 

ဇွန်လ ၈ ရက်ညက ကျိုက်ခမီ-ရန်ကုန် ပြေးဆွဲနေသည့် 'ရာဇာမင်း' ယာဉ်လိုင်းအားလက်နက်ကိုင် လူငါးဦးက ဓါးပြတိုက် လူသတ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ပြည်နယ်ရဲတပ်ဖွဲ့က ထိုကဲ့သို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ 

မွန်ပြည်နယ် ဒုပြည်နယ်ရဲမှူး ဝင်းဗိုလ်ဦး ဆောင်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင် များ၊ ပြည်နယ် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌတို့က မော်လမြိုင်မှ အဝေးပြေးကား ပိုင်များနှင့် ဇွန် ၁၁ ရက်က တွေ့ဆုံပြီး ယင်းညွှန်ကြားချက်ကို အသိပေးခဲ့သည်။ 

အဝေးပြေးကားများတွင် CCTV တပ်ဆင်ယုံသာမက ကားပေါ်တွင် အရေးပေါ်သတင်းပို့ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များ ကပ်ထားရန်၊ ကားလက်မှတ်များ ရောင်းလျှင် မှတ်ပုံတင်စိစစ်ရန်နှင့် ရဲများက အဝေးပြေးကားများကို စစ်ဆေးရာတွင် စနစ်တကျရပ်တန့် စစ်ဆေးမှုခံရန်တို့ကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့က ညွှန်ကြားထားသေးသည်။ 

ဇွန် ၈ ရက်၊ ည ၁ဝ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် ရာဇာမင်းကား ဓါးပြတိုက်မှုတွင် မော်လမြိုင်ကားဂိတ်မှ တက်သည့် လူငါးဦးက သထုံမြို့၊ တောင်စွန်းကျေးရွာအနီး အောင်ဆိုင်းကျေးရွာ သွားသည့် လမ်းအရောက်တွင် အသင့်သယ်လာသော လက်နက် များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ဓါးပြတိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးခဲ့ပြီး ယာဉ်ပေါ်၌ ပါလာသည့် ခရီးသည်များထံမှ ရွှေ၊ ငွေပစ္စည်းများ လုယက်ခံခဲ့ရသည်။ 

ယင်းအမှုတရားခံများမှာ လွတ်မြောက်ဆဲဖြစ်ပြီး သထုံခရိုင်ရဲတပ်ဖွဲ့မှူး တပ်ရင်းမှူး စိုးမင်းသက် ဦးဆောင်သည့် အဖွဲ့နှင့် သထုံရဲစခန်းမှ စခန်းမှူး ရဲအုပ်ညွန့်ဝင်း ဦးဆောင်သည့် အဖွဲ့တို့က လိုက်လံရှာဖွေစုံစမ်းလျှက်ရှိရာယနေ့အထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပေ။

Mizzima

No comments:

Post a Comment