Pages

Sunday, June 23, 2013

RCSS/SSA ဥက္ကဋ္ဌ စ၀်ယွက်ဆစ် ၏ ပင်လုံမြို့ ခရီးစဉ်အပေါ် ပအိုဝ့်တိုင်းရင်းသားတစ်ဦး၏ ရင်ဖွင့်သံ


ဇွန်လ ၂၃ ရက်

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ စ၀်ယွက်ဆစ် ဟာ တောင်ကြီးမြို့ ကနေ ပင်လုံမြို့ကို မနေ့က မနက် ၁၀ နာရီမှာ ရောက်ရှိလာပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပင်လုံမြို့မှာရှိတဲ့ မွေတော်ပရိယတ္တိစာသင်တိုက်မှာ လွိုင်လင်မြို့က သာသနာ့ဝေပုလ္လ ဓာတ်တော်ကျောင်းတိုက် ဆရာတော်အပါအ၀င် သံဃာတော်နဲ့ သာမဏေငယ်အပါး ၂၀၀ ကျော်ကို နေ့ဆွမ်းဆက်ကပ်ပြီး မွေတော် စာသင်တိုက်အတွက် အလှူငွေ သိန်း ၂၀ လှူဒါန်းခဲ့ပါတယ်။ အဲဒီအလှူအတွက် ပင်လုံမြို့ပေါ်က ဗုဒ္ဓဘာသာဝင် ရှမ်းတွေရော၊ ပအိုဝ့်တွေပါ သာဓုခေါ်ဆို ခဲ့ကြပါတယ်။

စ၀်ယွက်ဆစ်ဟာ နေ့လည် ၂ နာရီမှာလည်း ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ နမ့်စန်၊ မိုးနဲ နဲ့ ခိုလမ်မြို့ တွေက ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ၊ ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေ အပါအ၀င် ရှမ်းလူမျိုး ၅၀၀ ကျော်လောက်နဲ့ တွေ့ဆုံပါတယ်၊ အဲဒီ တွေ့ဆုံပွဲမှာ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ကို ကျပ်သိန်း (၂၀) လှူဒါန်း သွားပါတယ်။ တွေ့ဆုံပွဲပြီးတော့ လွတ်လပ်ရေး ကျောက်တိုင်မှာ အမှတ်တရ ဓာတ်ပုံရိုက်ပြီး တောင်ကြီးမြို့ကို ပြန်သွားပါတယ်။

စ၀်ယွက်ဆစ်ရဲ့ ပင်လုံမြို့ကို လာရောက်မှုဟာ ရှမ်းတိုင်းရင်းသားတွေအတွက် အကျိုးထူးတွေ ရခဲ့ပေမယ့် ကျွန်တော်တို့လို ပအိုဝ့်တိုင်းရင်းသားတွေအတွက် အနှိမ်ခံမျက်နှာငယ်သလို ခံစားရပါတယ်ဗျာ။ ကျွန်တော်က ပအိုဝ့်တိုင်းရင်းသား တစ်ယောက်ပါ၊ ပင်လုံမြို့ ရပ်ကွက်(၄)ထဲမှာ နေထိုင်ပါတယ်။ ပင်လုံမြို့မှာ ရှမ်း တိုင်းရင်းသားတွေချည်းပဲ နေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပအိုဝ့်လူမျိုးနဲ့ ဗမာလူမျိုးတွေလည်း နေထိုင်ကြ ပါတယ်။ စ၀်ယွက်ဆစ်ဟာ ရှမ်းလူမျိုးတွေ ကိုးကွယ်တဲ့ မွေတော်ကျောင်းတိုက်ကို အလှူငွေတွေ လှူဒါန်းခဲ့ပေမယ့် ပအိုဝ့်လူမျိုးတွေ ကိုးကွယ်တဲ့ နောင်ကွတ်ကျောင်းကိုတော့ လှူဖို့နေနေသာသာ လှည့်လို့တောင် ကြည့်မသွားခဲ့ပါဘူး။ ပင်လုံမြို့မှာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နဲ့ ပအိုဝ့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဆိုပြီး နှစ်ဖွဲ့ပဲ ရှိတာပါ။ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကိုတော့ အလှူငွေတွေ ပေးအပ်ပြီး ပအိုဝ့်စာပေယဉ်ကျေးမှုအဖွဲ့ကိုတော့ ရှိမှန်း သိတောင်သိရဲ့လား မသိပါဘူး၊ စ၀်ယွက်ဆစ်ဟာ တစ်မြို့တည်းမှာရှိနေတဲ့ ရှမ်းနဲ့ ပအိုဝ့်လူမျိုးတွေကို ခွဲခြားဆက်ဆံသွားခဲ့တဲ့အတွက် စိတ်မကောင်း ခံစားရပါတယ်ဗျာ။

ပင်လုံမြို့နယ်ထဲမှာ ရှိတဲ့ ဆနင်းအုပ်စု၊ ဆဟောင်းအုပ်စု၊ နောင်လိုင်အုပ်စု၊ ပန်မုန့် အုပ်စုတွေထဲမှာ ကျွန်တော်တို့ ပအိုဝ့်လူမျိုးတွေ အများကြီး နေထိုင်ကြပါတယ်။ RCSS/SSA အဖွဲ့ရဲ့ ဆန်၊ ဆီ၊ ငွေ နဲ့ အခြားလိုအပ်တဲ့ အကူအညီတွေကို ကျွန်တော်တို့ ပအိုဝ့်တွေ ပေးနေရတာပဲ၊ အဲဒါတွေကို စ၀်ယွက်ဆစ် မသိလို့လား၊ အနစ်နာခံရတာချင်း အတူတူ အသာစံရတော့ ရှမ်းလူမျိုးဆိုတာတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။

ပင်လုံမြို့မှာ စ၀်ယွက်ဆစ် အဲဒီလို လာလုပ်ခြင်းဟာ ရှမ်းလူမျိုးတွေကိုသာ အသိအမှတ်ပြုပြီး ပအိုဝ့်လူမျိုးတွေကို ဘေးဖယ်ထားတဲ့ သဘောသက်ရောက်နေတဲ့အတွက် RCSS/SSA အဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေကို ရှေ့ဆက် လက်မခံတော့ဘဲ   ပအိုဝ့်လူမျိုးတွေ အရင်ကထက် စည်းလုံးညီညွတ်ကြဖို့ လိုအပ်နေပြီလို့ အသိပေးလိုက်ပါတယ်။

ခွန်သာထူး

No comments:

Post a Comment