
ဘားအံမြို့အတွင်း ဖြတ်သန်းသွားလာ လျက်ရှိသော တရားမ၀င် လိုင်စင်မဲ့ယာဉ် အချို့အား တွေ့ရစဉ်
''သောင်းရင်းမြစ်ကို တရားမ၀င် လမ်းကြောင်းက ဖြတ်ကျော်ပြီး ၀င်ရောက်နေတဲ့ လိုင်စင်မဲ့ ကားမျိုးစုံကို ဘားအံမြို့မှာ တွေ့နေရတယ်။ သံလွင်တံတားပေါ်က လမ်းကြောင်းမကောင်းရင် တံတားကို ကွင်းရှောင်ပြီး နည်းအမျိုးမျိုးနဲ့ ဖြတ်သန်းလေ့ရှိတယ်။ ဒေသခံ စီးပွားရေးသမားတွေက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နေ့စဉ်ဖြတ်သန်းနေတယ်။ လိုင်စင်မဲ့ကားတွေကို အဖွဲ့အစည်းချို့ ဒေသအတွင်း စီးနင်းနိုင်ဖို့ တာဝန်ရှိသူတွေက မသိမသာ လွှတ်ထားပေးတယ်'' ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။
သံလွင်တံတား(ဘားအံ)လမ်းကြောင်းပေါ်တွင် ၂၀၁၃ ခုနှစ် ဇွန်လနောက်ဆုံးပတ်အတွင်း နယ်စပ် မြ၀တီမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော တရားမ၀င် လိုင်စင်မဲ့ကားများကို သက်ဆိုင်မှ ရှောင်တခင် စစ်ဆေးခဲ့ရာ ၂၄ စီးတိတိ သိမ်းဆည်း ရရှိခဲ့သည်။
''သံလွင်တံတား လမ်းကြောင်းပေါ်မှာ တရားမ၀င်ကားတွေ ညဘက်မှာ ဖြတ်သန်း မောင်းနှင်လေ့ ရှိတယ်။ လမ်းကြောင်းမကောင်းရင် မိကရင်၊ ၀င်းကျံဆိပ်ကမ်းကနေ သံလွင်မြစ်ကို ၀ါးဖောင်တွေနဲ့ကူးတယ်။ တောလမ်းကနေဖြတ်ပြီး သထုံကနေတဆင့် ရန်ကုန်-တောင်ကြီး ဘက်ကိုသွားတယ်။ မမြင်တွေ့ဖူးတဲ့ ဇိမ်ခံအဆင့် ကားတွေလည်း ပါတယ်'' ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။
ယခုအခါ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င် ကားတင်သွင်းမှုများ ပြုလုပ်နေဆဲ ရှိနေပြီး နယ်စပ်တစ်လျှောက် ကားခိုးသွင်းမှု လမ်းကြောင်းများတွင် ကရင်ပြည်နယ်သည် လမ်းကြောင်း ၁၇ ခုဖြင့် အများဆုံး အဆင့်တွင် ရှိနေကြောင်း သိရသည်။
Eleven
No comments:
Post a Comment