Pages

Saturday, July 27, 2013

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ပိုင်ဆိုင်မှု ကြေညာ ရမည်


ဇူလိုင်လ (၂၇) ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ အတွက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဟာ ကော်မရှင်မှာ တာဝန်ပေးအပ်ခံရတဲ့အခါမှာ မိမိတို့ဦးစီးတဲ့ စီးပွားတခုတည်းဖြစ်တဲ့ မိသားစုပိုင် မြေကြီး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်တွေကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမယ်ဆိုပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

ဒီပြဋ္ဌာန်းချက်ကို သမ္မတထံ ပေးပို့တဲ့အခါ ဒီပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိတဲ့အတွက် ဖြုတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကို သမ္မတက သဘောထား မှတ်ချက်ပြန်လည်ပေးပို့ခဲ့ပါတယ်

ဒီအပေါ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွတ်တော်ရဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အရင် ပြည်ထောင်စု လွှတ်တော်မှာပြဋ္ဌာန်းထားတဲ့အတိုင်း ပြဋ္ဌာန်းသင့်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ကြောင်း လွှတ်တော်ကို ပေးပို့ခဲ့ပါတယ်။

ဒီသဘောထားမှတ်ချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒ ရယူမဲခွဲခဲ့ရာမှာ ပိုင်ဆိုင်မှု ကြေညာရမယ်ဆိုတဲ့ဘက်က အနိုင်ရရှိခဲ့ပုံကို ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ခုလို ပြောပါတယ်။

“သမ္မတက ဘယ်လိုမှတ်ချက်ပေးသလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်မှု မရှိသဖြင့် နုတ်ပယ်သင့်ပါသည်လို့ အဲဒီလို မှတ်ချက်ပေးထားတယ်။ ဘာဖြစ်လို့ အဲဒီလို မှတ်ချက်ပေးရတာတုန်းလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကော်မရှင် အဖွဲ့ဝင်တွေကို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာရမယ်လို ပြဋ္ဌာန်းမထားလို့။ ပြည်ထောင်စု လွှတ်တော်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အဲဒီလို ပြဋ္ဌာန်းမထားတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆလို့ မရဘူးပေါ့။ ကျနော်တို့ လွှတ်တော်က အဲဒီလို သဘောထားရှိတယ်။ ဒါကြောင့် နဂိုက ကျနော်တို့ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ပြဋ္ဌာန်းသင့်တယ်လို့ မှတ်ချက်ပြုတာပေါ့။ ဒီ ၂ ခုကို ခွဲလိုက်တဲ့ အခါကျတော့ ကျနော်တို့ရဲ့ လွှတ်တော်က သဘောထားကို ထောက်ခံတဲ့လူက ၃၆၂ ယောက်ရှိတယ်၊ သမ္မတရဲ့ အဆိုကို ထောက်ခံတဲ့လူက ၁၅၀ ရှိတယ်။ အဲတော့ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ အတိုင်းပဲ အတည်ဖြစ်သွားတာပေါ့။”

ဒါအပြင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် ပြင်ဆင်ရေးသားဖို့ သမ္မတက မှတ်ချက်ပေးပို့ခဲ့တာကို ဥပဒေကြမ်း ကော်မတီက အရင် နာမည်နဲ့ ခေါ်ဆိုဖို့ ပြောဆိုခဲ့တာကြောင့် လွှတ်တော်အမတ်တွေရဲ့ မဲနဲ့ အဆုံးအဖြတ်ခံယူရာမှာ ကန်ကွက်သူ ၂၁၁ မဲ၊ သမ္မတ သဘောထားကို ထောက်ခံသူ ၂၉၁ မဲနဲ့ အနိုင်ရခဲ့ပါတယ်။
DVB

No comments:

Post a Comment