ဇူလိုင်လ (၂၇) ရက်

မန္တလေးတိုင်းဒေသကြီးတွင် ဇူလိုင်လ ၂၅ ရက်နေ့၌ ရောင်းချပေးသည့် ၁၅၀၀ တန် GSM မိုဘိုင်းလ်ဖုန်းကတ်များ ဈေးကွက်အတွင်း ကျပ်ကိုးသောင်းဈေး ပေါက်နေကြောင်း ဖုန်းအရောင်းဆိုင်ကြီးများ ထံမှ စုံစမ်းသိရှိရသည်။
မန္တလေးရှိ ဆင်းကတ်ဝယ်ရောင်းဆိုင်ကြီးများက ယင်းတန်ဖိုးနည်း ဖုန်းကတ်ကို ကျပ်ကိုးသောင်းဖြင့် ဝယ်ယူမည်ဖြစ်သော်လည်း လာရောက် ရောင်းချခြင်းမျိုး မရှိသေးကြောင်း ယင်းဖုန်း အရောင်းဆိုင်ကြီးများ ထံမှ သိရှိရသည်။
"ဆိုင်က ဘယ်လောက်ဈေးနဲ့ ပြန်ရောင်းချမယ် ဆိုတာကို မပြောနိုင်သေးပါဘူး။ ခုထိလည်း ကတ်လာရောင်းတဲ့သူ မရှိသေး ဘူး။ တကယ်လို့ ၁၅၀၀ GSM ဆင်းကတ်ကို လာရောင်းခဲ့ရင် ကိုးသောင်းဝန်းကျင်နဲ့ ဝယ်ဖို့ ရှိပါတယ်" ဟု အင်ကြင်း Mobileဖုန်း ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူက ဆိုသည်။
ယနေ့ထွက်ရှိလာသော ကျပ် ၁၅၀၀ တန် GSM ဆင်းကတ်များကို Facebook လူမှုရေးစာမျက်နှာရှိ ရောင်းသူဝယ်သူများ စာမျက်နှာတွင် တစ်သိန်းကျပ် ဈေးပေးကာ ဝယ်ယူရန် ကမ်းလှမ်းထားသည် ကိုလည်း တွေ့ရသည်။
"ဖုန်းကတ်က ရောင်းသူဝယ်သူ စိတ်ကြိုက်ဈေး ဆိုတော့ ကြိုက်ဈေးရရင် ပြန်ရောင်းဖို့တော့ ရှိတယ်" ဟု ချမ်းမြသာစည် မြို့နယ်မှ ဆင်းကတ်မဲပေါက်သူ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မန္တလေးတွင် ဖုန်းဆင်းကတ် အရောင်းအဝယ်သည် ဈေးနှုန်းအပြောင်းအလဲ မြန်ဆန်ပြီး ဖုန်းနံပါတ်ပေါ် မူတည်၍ ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့က ကျပ်နှစ်သိန်းတန် GSM ဆင်းကတ်ပေါက်ဈေးမှာ အင်တာနက်လိုင်း ပါလျှင် ကျပ်နှစ်သိန်းခုနစ်သောင်း ဝန်းကျင်နှင့် အင်တာနက်လိုင်း မပါလျှင် နှစ်သိန်းခြောက်သောင်း ဝန်းကျင်ခန့်ဖြင့် ရောင်းချ လျှက်ရှိကြောင်း၊ ၅၀၀၀ ကျပ်တန်ငွေဖြည့် ကတ်ပါရှိသော ကျပ် ၁၅၀၀ တန် CDMA ဆင်းကတ်မှာ ကျပ် ၈၅,၀၀၀ ရောင်းဈေး ရှိကြောင်း အဆိုပါ အင်ကြင်း ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဇူလိုင်လအတွက် GSM ဆင်းကတ် ၃၇,၀၀၀၊ CDMA ဆင်းကတ်၂၁,၁၀၀ ခန့် ရောင်းချပေးခဲ့သည်။
CDMA ဆင်းကတ် ရောင်းချပေးမှုမှာ ပြီးခဲ့သည့် ဇွန်လက ၇၀,၇၉၅ ကတ် ရောင်းချပေးခဲ့ပြီး မေလက ၆၉,၄၆၅ ကတ် ရောင်းချပေးခဲ့သည်။
the voice
No comments:
Post a Comment