24.7.2013
ရှမ်းပြည်နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ နမ့်ဖန်းကျေးရွာဒေသခံများအနေဖြင့် ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း) အဖွဲ့၏ လူသစ်အဓမ္မစုဆောင်းမှုများကြောင့် ဇွန်လမှ စတင်ကာ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြ ရ ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများမှ “ ကျွန်တော်တို့ရွာကို ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း) အဖွဲ့က ဇွန်လမှာ တပ်သားသစ်(၉)ဦး မဖြစ်မနေ၀င်ရမည်ဆိုပြီး ပြောတယ်၊ ၂၀၁၂ စက်တင်ဘာလတုန်းက အလှည့်ကျလို့ ပါသွားတဲ့ (၉)ယောက်ကလည်း (၃)ယောက်ပဲကျန်ပြီး (၆)ယောက်က ထွက်ပြေးသွားတယ်၊ ဒါကြောင့် မင်းတို့ရွာက ထွက်ပြေးသွားတဲ့လူတွေအစား လူပြန်ပေးရမယ်လို့ ပြောတယ်၊ ဇူလိုင်လ(၁၉) ရက်နေ့မှာ လူအစားမပေးနိုင်ရင် အိမ်နဲ့ အိမ်တွင်းရှိ ပစ္စည်းတွေကို သိမ်းယူမယ်လို့” ပြောပြပါသည်။
၎င်းကဆက်လက်ပြောပြရာတွင် “ ရွာမှာ ဇူလိုင်လ ပထမပတ်ကစပြီး တစ်ပတ်ကို လူ(၁၀)ဦးနှုန်း ဆက်သား အနေနဲ့ (၀မ်ဟိုင်း)အဖွဲ့ဆီကို ပို့ပေးရတယ်၊ တစ်ပတ်ပြည့်ရင် နောက်ထပ်(၁၀)ဦးနဲ့ချိန်းပေးတယ်၊ အဲဒီ(၁၀)ဦး ကို သူတို့အဖွဲ့တွေ့ရဲ့ စစ်ပစ္စည်းတွေကို သယ်ခိုင်းတယ်၊ ကင်းစောင့်ခိုင်းတယ်၊ ရွာမှာ လူငယ်ပိုင်းအရွယ် ဆိုတာမရှိတော့ပါဘူး ” ဟု ပြောပြပါသည်။
ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၀မ်ဟိုင်းတွင် ဌာနချုပ်တည်ရှိပြီး ပန်ဖနှင့် ခေးတိုင်းတို့မှ ဦးဆောင်ကာ အစိုးရနှင့် အပစ်အခတ်သဘောတူညီမှုရယူထားပြီး သဘောတူညီချက် ပါအတိုင်း စည်းကမ်းချက်များကို လိုက်နာခြင်းမရှိကြောင်း သိရှိရသည်။
၎င်းတို့အဖွဲ့၏ လူသစ်စု၊ ငွေတောင်းခံမှုများ ကြောင့် မိုင်းလုံမြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ ကျောက်မဲ၊ မိုးကုတ်မြို့ပေါ်များသို့ တိမ်းရှောင် ထွက်ပြေးသွားကြပြီး ယခင်အိမ်ခြေ(၂၀၀)ခန့်ရှိ သောရွာများမှာ ယခုအခါ အိမ်ခြေ(၇၀)ခန့်သာ ရှိတော့ကြောင်း ၎င်းတို့သတ်မှတ်သည့် လူသစ်မပေးနိုင်ပါကတစ်ဦးအတွက် ငွေသိန်း(၃၀)အထိ ပေးသွင်းရကြောင်း၊ တပ်သား သစ်အပြင် အခြားဆက်ကြေးမျိုးစုံကိုလည်း အလှည့်ကျပေး သွင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
စိုင်းမောင်ဦး

No comments:
Post a Comment