30.8.2013
အုပ်ထိန်းသူ မိဘများ၏ သဘောတူညီမှု မရှိဘဲ တပ်မတော် တပ်ရင်း တစ်ရင်းဖြစ်သည့်
ခြေမြန် တပ်ရင်း ၄၂၀ ၏ စစ်သားအဖြစ် စုဆောင်းခံရသူ အသက် ၁၅ နှစ်အရွယ် လူငယ်
တစ်ဦးကို နေအိမ်သို့ ပြန်လည် ပို့ဆောင်
ပါရန် အဆိုပါ တပ်ရင်းထံ မိဘများက တောင်းဆိုထားသော် လည်း ပြန့်ပို့ပေးခြင်း
မရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။
ဒဂုံမြို့သစ်
(တောင်ပိုင်း) မြို့နယ် ၅၅ ရပ်ကွက်တွင် နေထိုင်သည့် ဒသမတန်း ကျောင်းသား
မောင်ခိုင်စောလင်းကို သာစည် မြို့နယ်ရှိ ခမရ ၄၂၀ တပ်ရင်းက ကလေး စစ်သားအဖြစ်
၂၀၁၃ ခုနှစ် ဇွန်လအတွင်း စုဆောင်းခဲ့ပြီး မိဘများက အဆိုပါ တပ်ရင်းအထိ ယခုလ
(သြဂုတ်လ) ၁၉ ရက်နေ့တွင် သွားရောက် ခေါ်ယူရာ ပြန်လည် ပို့ဆောင်ပေးမည်ဟု
ကတိပေးခဲ့သော်လည်း ပြန်ပို့ပေးခြင်း မရှိသေး ကြောင်း အဆိုပါ လူငယ်၏ မိခင်
ဒေါ်ဝင်းဝင်းမာက ရှင်းပြသည်။
လှည်ကူးမြို့နယ် အင်တိုင်းကျေးရွာနေ
ဒေါ်စုစုခင်က သာစည်မြို့ ခမရ ၄၂၀ တပ်ရင်းသို့ အခကြေးငွေ နှစ်သိန်း ရယူကာ
လာရောက် ပို့ဆောင်သွားသည် ဟု အဆိုပါတပ်မှ တပ်ကြပ်ကြီး တစ်ဦးက ယင်းလူငယ်၏
မိဘများ သာစည်တွင် သွားရောက် ခေါ်ယူစဉ် ပြောကြားထားကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
“ကျွန်မကလေးက ငယ်သေးတယ်၊ သူ့ကို ကျောင်းဆက်ထားချင်တယ်” ဟု အဆိုပါလူငယ်၏ မိခင် ဒေါ်ဝင်းဝင်းမာက ဆိုသည်။
မောင်ခိုင်စောအောင်သည် ဇွန်လ ၁၉ ရက်နေ့တွင် ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“ကလေးစစ်သား ပပျောက်ရေးလို့ ကြွေးကြော်နေတဲ့ အချိန်မှာ ဒီဖြစ်ရပ်တွေ
မရှိသင့်တော့ပါဘူး” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ တပ်ရင်းသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
၂၀၁၅ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား ပပျောက်ရေးနှင့်
အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး သုံးနှစ် စီမံကိန်း သဘော တူညီချက်ကို
၂၀၁၂ ခုနှစ်ဧပြီလ ၂၈ ရက်တွင် ILO အုပ်ချုပ်ရေး အဖွဲ့နှင့် မြန်မာ
အစိုးရကြား လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံရှိ ကလေး
စစ်သားများကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ၄၂ ဦး၊ ၂၀၁၃ခုနှစ်
ဖေဖော်ဝါရီလတွင် ၂၄ ဦးနှင့် ဇူလိုင်လတွင် ၄၂ ဦးကို ပြန်လည်
လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံအတွင်း ကလေးစစ်သား ပပျောက်ရေး
လုပ်ငန်းများကို စီမံကိန်း ကာလအတွင်း လုပ်ဆောင်နိုင်ခြင်း ရှိ မရှိကို
နှစ်စဉ် ဇွန်လအတွင်း ကျင်းပသော ILO ညီလာခံတွင် သုံးသပ်သွားမည် ဖြစ်ကြောင်း
အဆိုပါအဖွဲ့ ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
The Voice Weekly

No comments:
Post a Comment