Pages

Friday, August 30, 2013

KIA အဖွဲ့မှ တာလောကြီးရွာသား ရှမ်းလူငယ်တစ်ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

30.8.2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနေ ရှမ်းလူငယ်နှစ်ဦးသည် သြဂုတ် ၂၈ ရက် မနက်ပိုင်းက မုန်ဆန်ယန်ကျေးရွာအနီးဝန်းကျင်၌ ကျွဲပျောက်၍ လိုက်ရှာစဉ် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့ တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တာလောကြီးရွာသားများ ထံမှ သိရသည်။

“ အဲဒီနေ့က ကျွဲကျောင်း လွှတ်လိုက်တာပါ၊ ကိုယ့်ရွာအနီးတ၀ိုက်မှာပဲ ကျောင်းဖို့ မှာလိုက်သေးတယ်၊ ညနေ စောင်းလို့ ပြန်မလာတာနဲ့ လိုက်ရှာတော့ ကျွဲတွေပဲ တွေ့တယ်၊ သူနဲ့ ကျွဲအတူတူသွားကျောင်းတဲ့ မောင်ဌေး ကတော့ အဖမ်းမခံရဘဲပြန်ပြီး လွှတ်လာခဲ့တယ်၊ ကျွန်တော့်သား မောင်ညီထွေးကို လူသစ်အဖြစ် အတင်းအဓမ္မ ခေါ်သွားတာပါဗျာ ” ဟု တာလောကြီးရွာမှ မောင်ညီထွေး၏ ဖခင်ဖြစ်သူက ပြောပြသည်။

“ ကျွန်တော်နဲ့ ညီထွေးတို့ ကျွဲပျောက် လိုက်ရှာရင်း မုန်ဆန်ယန်ရွာဘက်ကို ရောက်သွားပါတယ်၊ အဲဒီရွာနားမှာ သေနတ်ကိုင်ထားတဲ့ ကချင်စစ်သားတွေနဲ့ တွေ့တယ်၊ ဘာမပြောညာမပြော ကျွန်တော်တို့ကို ဖမ်းပါတယ်၊ ညီထွေးက လူကောင်ကြီးတော့ လူသစ်လုပ်လို့ရတယ်၊ ကျွန်တော့်ကိုတော့ လူကောင်သေးလို့ လူသစ်လုပ်လို့ မရသေးဘူးလို့ပြောပြီး လွှတ်ပေးလိုက်တာပါ” ဟု ကိုယ့်တွေ့ကြုံခဲ့ရသော မောင်ဌေးက ပြောပြခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲအချိန်တွင် အတင်းအဓမ္မလူသစ်စုဆောင်းမှုများ ပြုလုပ်လျက်ရှိရာ ဒေသခံရှမ်းလူငယ်များအား အဓိကထား စုဆောင်းနေ ကြောင်း၊ တာလောကြီး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ KIA မှ လူသစ်စုတောင်းနေမှုကြောင့် လူငယ် များမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ လူသစ်မပေးနိုင်ပါက ငွေဒဏ် ကောက်ခံခြင်းများလည်းရှိနေရာ ဒေသခံတိုင်းရင်းသားများမှာ မိသားစုတကွဲတပြားနေထိုင်ကြရပြီး စားဝတ် နေရေးအဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံရှမ်းတိုင်းရင်းသားများ၏ ပြောပြချက်အရ သိရှိရပါသည်။ KIA မှ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်လာရောက်စဉ်ကလည်း ရှမ်းလူမျိုးစုယဉ်ကျေးမှုကော်မတီမှ ဦးစိုင်းထိန်လင်းက တင်ပြခဲ့ကြောင်း သိရှိရပါသည်။

စိုင်းလှမြင့်

No comments:

Post a Comment