Pages

Tuesday, August 27, 2013

ဥက္ကံမှ ဆူပူအကြမ်းဖက် တရားခံသုံးဦးကို စီရင်ချက်ချလိုက်ပြီ

27.8.2013

ဥက္ကံမြို့တွင် လွန်ခဲ့သော လေးလခန့်က ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်
မှုများတွင် ပါဝင်ပတ်သက်ကြောင်းပြစ်မှုထင်ရှားသည်ဟုဆိုကာ မြို့နယ်
တရားရုံးက လူသုံးဦးကို ထောင်ဒဏ်များ ချမှတ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ပုဒ်မ ၄၄၀/၃၄ ဖြင့် တရားစွဲခံထားရသော ကိုဟန်စိန်ဆိုသူကို တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ငါးနှစ်၊ ပုဒ်မ ၄၃၆/ ၃၄ ဖြင့် တရားစွဲခံရသည့် ကိုဝင်းသန်း ဆိုသူကို အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်တို့ တိုက် ကြီးမြို့နယ် တရားရုံးက အသီးသီးချမှတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ သတင်း
ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ကိုကြည်ခိုင်စိုးဆိုသူကို ပုဒ်မ ၄၄၀/၃၄ ဖြင့် တရားစွဲခံရသည့် အမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၄၃၆/၃၄ ဖြင့် တရားစွဲခံရသည့်အမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့ပြီး ယင်းပြစ်ဒဏ်နှစ်မျိုးကို တစ်ပေါင်းတည်းကျခံရမည်ဟု တိုက်ကြီးတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု တိုင်းရဲဌာနကဆိုထားသည်။

၎င်းတို့သုံးဦးသည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူ
အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်ခဲ့သည် ဟုဆိုကာ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၄၃၆ အိမ် (သို့)ဘာသာရေး အဆောက်အအုံကို မီး (သို့) ပေါက်ကွဲတတ်သည့် ပစ္စည်းဖြင့် ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု
ကျူးလွန်ရာတွင် အားပေးကူညီမှု တို့ဖြင့် ရဲများက တရားစွဲခဲ့ ခြင်းဖြစ်ပြီး ယခုအခါ တရားရုံးက စီရင်လိုက်ခြင်းဖြစ်သည်။

ဥက္ကံမြို့မှ ဆူပူအကြမ်းဖက်မှုများသည် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်များသည် ဆွမ်းခံ ကိုရင်တစ်ပါးကို ဘာသာခြား အမျိုးသမီးတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် တိုက်မိရာက စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပဋိပက္ခများနှင့်ပတ်သက်၍ သံသယရှိသူ ၂၅ ဦးကို ကနဦးတွင် ရဲများက ဖမ်းဆီးခဲ့ပြီး ရှစ်ဦးကိုမူ ပြန်လွှတ်ပေး ကာ ၁၇ ဦးကို ဆက်လက်စစ်ဆေးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသက် လွင်က ထိုစဉ်က သတင်းဌာနများကို ပြောကြားခဲ့ဖူးသည်။

Mizzima - News in Burmese

No comments:

Post a Comment