Pages
▼
Friday, August 16, 2013
ဝန်ကြီးများ အဂတိ မလိုက်စားရန် နိုင်ငံတော်သမ္မတ သတိပေး
သြဂုတ်လ(၁၆)ရက်
အစိုးရက ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း အကျင့်ပျက် ခြစားမှုများ ရှိနေသေး ကြောင်း နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး၏ ဝေဖန်မှု ခံနေရသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို အဂတိ လိုက်စားခြင်း မပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားသည်။
သြဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်သည့် အသစ် ပြန်လည် ခန့်အပ်ထားသော ဒုတိယ ဝန်ကြီးများ၊ ဗဟိုဘဏ် ဒါရိုက်တာများ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း နာခံခြင်းနှင့် ကတိသစ္စာ ပြုခြင်း အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသည့် အစိုးရသက်တမ်း လပေါင်း ၃၀ တွင် ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အမြန် ဆောင်ရွက်ရမည် ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရာ တွင် စေတနာအလျောက် မှားယွင်း လုပ်ကိုင်မိသည် ကို ပြင်ဆင်ပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့် စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားကြရန် သတိပေးကြောင်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသည်။
အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်း မြင်သာမှု မရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု တာဝန်ယူမှုဖြင့် လုပ်ဆောင်မှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံး လုပ်နည်း စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားခြင်း တို့ကြောင့် အစိုးရ၏ ပထမသက်တမ်း တစ်ဝက်ဖြစ်သော လပေါင်း ၃၀ အတွင်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ပြုလုပ် ခဲ့ပါကြောင်း သမ္မတဦးသိန်းစိန်က သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြား ထားသည်။
“၂ နှစ်ခွဲ အတွင်းမှာ အရေးယူတာ ထောင်ဂဏန်း ရှိပါတယ်။ မီဒီယာတွေ မှာ ဖော်ပြထားလို့ စိစစ် အရေးယူတာလည်း ရှိတယ်ဆိုတော့ ကျန်တဲ့ ၂ နှစ်ခွဲအတွင်း လာဘ်စားမှု သိသိသာသာ လျော့သွားဖို့ ရှိတယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
အဂတိ လိုက်စားသော နိုင်ငံ့ ဝန်ထမ်းများအပေါ် အရေးယူပေးရန် တင်ပြ တိုင်ကြားစာ ၁၁၉ စောင်ကို လက်ခံ စစ်ဆေးမှုအရ နိုင်ငံ့ ဝန်ထမ်း ၄၅၀ ကို အရေးယူ အပြစ်ပေးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
“လာဘ်ပေး လာဘ်ယူ ပြဿနာက အောက်ခြေမှာ မပြောင်းသေးဘူး။ အကောက်ခွန် ဆိုင်ရာတွေဆို ဒီလိုပဲ အရာရှိနဲ့ ညှိလိုက်ကြတာ များတယ်။ ဒီနောက်ပိုင်း တန်ဖိုးနည်းဖုန်း ပြဿနာ တစ်ခု ထပ်တိုး လာတာပေါ့” ဟု ဆိပ်ဖြူမြို့နယ်မှ ကုန်သည် တစ်ဦးက ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်က သြဂုတ်လ ၇ ရက်နေ့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ တစ်ရပ် အတည်ပြု ပြဋ္ဌာန်းခဲ့ရာ ဥပဒေပါ ပြဋ္ဌာန်းချက် အချို့မှာ အခြေခံဥပဒေနှင့် မညီညွတ်ဟု နိုင်ငံတော် သမ္မတက မှတ်ချက် ပြုထားသော်လည်း ဥပဒေကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးခဲ့သည်။
The Voice
No comments:
Post a Comment