Pages

Thursday, August 29, 2013

လူမျိုးရေးမခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ဖေးမနိုင်ကြပါစေ


29.8.2013
ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာနေသူ ကချင်လူငယ်(၅)ဦးအား KIA စစ်ဗိုလ်မှ မူးယစ်ရမ်းကား ထိုးကြိတ်ခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ အလားတူ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သူ ရှမ်းလူမျိုး အိုက်ထွန်းနှင့် ဗမာလူမျိုး ကျော်မင်းလွင်တို့ ၂ ဦးအားလည်း KIA လက်နက်ကိုင်များမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အိုက်ထွန်းမှာ သေဆုံးသွားပြီး ကျော်မင်းလွင်မှာ မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း Internet သတင်းများအရ သိရပါတယ်။
ဒီလိုသတင်းမျိုးတွေက မြန်မာနိုင်ငံအတွင်းမှာအမြဲလိုလိုကြားနေရတဲ့အတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာတိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်တဲ့နိုင်ငံပါ။ တိုင်းရင်းသားလူမျိုးကလည်း များပြားတဲ့အခါကျတော့ တိုင်းရင်းသားများဟာ ကိုယ့်လူမျိုးကိုယ့်မျိုးချစ်စိတ်ဓာတ်ရှိအောင်စည်းရုံးရင်းနဲ့ တစ်ဖက်လူမျိုးများအပေါ်အနိုင်ကျင့် ဖိနှိပ်သလိုဖြစ်တာတွေက မီဒီယာပေါ်ရောက်တာရှိသလို မရောက်တာတွေကလည်းတကယ့်အပြင်မှာဒုနဲ့ဒေးပါပဲ။ ကချင်ပြည်နယ်မှာကြည့်မယ်ဆိုလဲ ကချင်လူမျိုးအများစုနေထိုင်တဲ့ကျေးရွာတွေမှာအခြားတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ ရခိုင်၊ ဗမာစသည့်လူမျိုးများလာနေထိုင်လျှင် ၎င်းတို့ကချင်ကျေးရွာဘာသာရေးခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက် ရမှနေရသလိုပါဘဲ၊ ရှမ်းပြည်နယ်မှာရှမ်းအများစုနေထိုင်တဲ့ကျေးရွာတွေမှာ တစ်ခြား လားဟူ၊ ဗမာ၊ ၀၊ ကချင်တို့၊ ပလောင်တို့နေထိုင်ရင်လည်း ကျေးရွာတွေရဲ့သူကြီးတို့၊ ရှမ်းလူငယ်ခေါင်းဆောင်တွေရဲ့သဘောတူညီချက်ရမှနေခွင့် ရှိတာပါ။ ၎င်းကျေးရွာခေါင်းဆောင်တွေ၊ ရှမ်းလူငယ်အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့သတ်မှတ်ထားတဲ့စည်းကမ်း တွေ၊ ငွေကြေးတွေသွင်းပြီးမှသာ နေထိုင်ရတာပါ။ ဒါကလည်း တိုင်းရင်းသားလူမျိုးများတွေရဲ့အစဉ်အလာစည်းကမ်း တွေဖြစ်နေပါတယ်။ တစ်ချို့ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ရွာတွေမှာဆို ကိုယ့်လူမျိုးရောင်းတဲ့ဆိုင်ပဲဝယ်ယူအားပေးရ တယ်။ တစ်ခြားလူမျိုးရောင်းတဲ့ဆိုင်ကိုဒေသခံအများစုက၀ယ်ယူအားပေးတာတွေမလုပ်ရပါဘူး။ ၀ိုင်းပြီးကျင်တဲ့ သဘောပါပဲ။ အလားတူဘဲ ရှမ်းလက်နက်ကိုင်တွေကြီးစိုးတဲ့နယ်မြေဖြစ်သည့် တန်ယန်းမြို့နယ် မိုင်းကောင်းကျေးရွာ အုပ်စု ပိန်းနီရွာနဲ့ ခိုတုံးရွာကြားမှာလည်း ၂၀၁၁ ခုနှစ် မေလ ၂၁ ရက်နေ့က SSA(၀မ်ဟိုင်း)အဖွဲ့ရှမ်းစစ်သားတွေက လားဟူအရပ်သားနှစ်ယောက်ကိုသေနတ်နဲ့ပစ်လို့ လက်မောင်းကိုထိမှန်ပြီး ယနေ့တိုင် လုပ်ကိုင်မစားနိုင်တဲ့ ဘ၀ အခြေအနေမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရပ်တွေကလည်း တိုင်းရင်းသားဒေသအနှံ့မှာ အမှန် တကယ်ဖြစ်ပွားနေတာပါ။ ဒါတွေကလည်း တစ်ဖက်ကကြည့်လျှင်တော့ လူ့အခွင့်အရေးချိုးဖောက်တယ်ပေါ့။
တစ်ဖက်ကပြန်ကြည့်တော့လည်းသူတို့ရဲ့လွဲမှားတဲ့မျိုးချစ်စိတ်ကြောင့် အင်အားကြီးတဲ့လူမျိုးက အင်အားငယ်တဲ့ လူမျိုးကိုသူတို့ချမှတ်တဲ့စည်းကမ်းအတိုင်းနေ၊ မနေလျှင်ဒီလိုဖြစ်မယ်ဆိုတဲ့သဘောနဲ့လုပ်ကြတာပါ။ အနှိမ်ခံရတဲ့ လူမျိုးတွေကတော့မကျေနပ်ကြဘူးပေါ့၊ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံအမျိုးအ စားစုံလင်စွာတွေ့လာရတာပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာကို မညီညွတ်နိုင်တော့ပဲ၊ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးပေါ်ပေါက်လာရတာပါ။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားဒေသအသီးသီးမှာရှိတဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ လွဲမှားတဲ့တွေးခေါ်မျှော်မြင်မှုတွေကနေစတင်မြစ်ဖျားခံလာတာပါ။ မြန်မာနိုင်ငံ အနှံ့အပြားရှိမဖွံ့ဖြိုးသေးတဲ့ကျေးရွာတွေ၊ အထူးသဖြင့် လက်နက်ကိုင်တိုင်းရင်းသားများကြီးစိုးရာလည်းဖြစ်သည့် မဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာ အားကြီးသူကအားငယ်သူကို ဖိနှိပ်ဆက်ဆံတာ၊ ခွဲခြားဆက်ဆံတာတွေကိုပို့တွေ့ရပါ တယ်။ လူနေမှုအဆင့်အတန်းလည်းမြင့်၊ ဖွံ့ဖြိုးတိုးတက်တဲ့မြို့ကြီးတွေမှာတော့ ဒီလိုမျိုး ခွဲခြားဖိနှိပ်ဆက်ဆံတာ တွေမတွေ့ရပါဘူး။ ဆိုလိုချင်တာကတော့ အားကြီးသူက အားငယ်သူတွေကို နိုင်ထက်စီးနင်းလုပ်တာဟာ ကချင်လက်နက်ကိုင်၊ ရှမ်းလက်နက်ကိုင်တွေရှိတဲ့နေရာမှ မဟုတ်ပါဘူး။ အခြားလက်နက်ကိုင်တွေရှိတဲ့ နေရာ တွေမှာလည်း ထိုနည်းအတိုင်း အနိုင်ကျင့်တာတွေရှိနေကြတာပါ။ အားငယ်သူတွေကို ဖေးမသည့် စိတ်ဓာတ် တွေဖြစ်လာဖို့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်တွေရှိသော ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ဒေသများအား အသိပညာအပါအ၀င် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးနိုင်မယ်။ တန်းတူညီမျှ ဆက်ဆံလိုသော စိတ်ဓာတ်များကိုယ်စီမွေးမြူနိုင်မယ်ဆိုလျင် အားငယ်သူအား ဖေးမနိုင်မည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။

No comments:

Post a Comment