လွှတ်တော်ရုံးတွင် လုပ်ထုံးလုပ်နည်းနှင့် မညီသော အသုံးစရိတ် ကျပ် ၁၂၁ သန်းကျော် သုံးစွဲထားသည်ကို စိစစ်တွေ့ရှိ
28-08-2013
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ရုံး၏ စာရင်းများကို စစ်ဆေးရာ၌
လုပ်ထုံးလုပ်နည်းနှင့် မညီသော အသုံးစရိတ်များအဖြစ် ကျပ် ၁၂၁ သန်းကျော်
သုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီက သြဂုတ် ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးသို့ တင်ပြခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ခြောက်လပတ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အရေးကြီးသော
စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏
အစီရင်ခံစာတွင် ထိုသို့ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊
လွှတ်တော်ရုံး၏ စာရင်းများကို စစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီသော
အုပ်ချုပ်မှု အသုံးစရိတ်များအဖြစ် ကျပ် ၁၂၁ ဒသမ ၆၉၂ သန်းသုံးစွဲထားသည်ကို
တွေ့ရှိရသဖြင့် စာရင်းစစ် ကန့်ကွက်ချက် ဖြစ်ပေါ်ခဲ့ကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၆
တွင် ကိုယ်စားလှယ်များ တာဝန်အရ ခရီးသွားလာခြင်းအတွက် တစ်ရက်လျှင်
အခြားစရိတ် ကျပ် ၃၀၀၀ ခံစားခွင့် ပြုထားပါကြောင်း၊ ပုဒ်မ ၁၀ (ခ) အရ
တည်းခိုရာမှ လွှတ်တော်အစည်းအဝေး ကျင်းပရာသို့ သွားလာရခြင်းအတွက်
အထက်ဖော်ပြပါ ကျပ် ၃၀၀၀ မှ သုံးစွဲရန် ဖြစ်သော်လည်း စစ်ဆေးသည့် ကာလတွင်
လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရာမှ လွှတ်တော်အစည်းအဝေး ကျင်းပရာသို့
နေ့စဉ်အသွားအပြန် ခရီးအတွက် ကားငှားရမ်းခနှင့် စက်သုံးဆီ အသုံးစရိတ်များကို
လွှတ်တော်ရုံး၏ ငွေစာရင်းမှ ကျခံထားခြင်းကြောင့်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ကာလအတွင်း တည်းခိုနေရာမှ
လွှတ်တော်အစည်းအဝေး ကျင်းပရာနေရာသို့ အသွားအပြန် ခရီးအတွက် သတ်မှတ်ထားသော
တစ်နေ့လျှင် ကျပ် ၃၀၀၀ ဖြင့် မဖြစ်နိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ
နေထိုင်ရန်အတွက် အဆင့်နှင့် လျော်ညီသည့် အဆောက်အအုံများ
ဆောက်လုပ်ပေးထားခြင်း မရှိသေးခြင်းကြောင့် အားလုံးတစ်စုတစ်စည်းတည်း
တစ်နေရာတည်းတွင် နေထိုင်ကြခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့်
လွှတ်တော်ကိုယ်စားလှယ် အားလုံးကို တစ်ပြေးညီ ငွေဖြတ်ခြင်းမှာ
မဖြစ်သင့်ကြောင်း၊ သို့ရာတွင် ပြည်သူ့ဘဏ္ဍာငွေများကို ဥပဒေနှင့်အညီ
သုံးစွဲရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Eleven Media Group
No comments:
Post a Comment