Pages

Wednesday, August 28, 2013

လာမည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာသူ အနည်းဆုံး ခြောက်ဆတိုးလာမည်ဟု ခန့်မှန်း

28.8.2013

မြန်မာနိုင်ငံသည် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်လာသည်နှင့်အညီ မြန်မာနိုင်ငံအတွင်း အလွန်အမင်း ချမ်းသာသူ ပမာဏမှာလည်း လာမည့်ဆယ်နှစ်အတွင်း အနည်းဆုံး ခြောက်ဆတိုးလာမည်ဖြစ်ကြောင်း Wealth-X ပိုင်ဆိုင်မှုဓန ဥစ္စာထောက်လှမ်းရေး ကုမ္ပဏီက ထုတ်ပြန်သည့် ကမ္ဘာ့အလွန်အမင်း ကြွယ်ဝမှု အစီအရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တစ်ဦးချင်း အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ပိုင်ဆိုင်မှုရှိသူ ဦးရေမှာ ၄၀ ဦးသာရှိကြောင်း သိရသည်။

သို့သော်လည်း ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလွန်အမင်း ချမ်းသာသူ ၆၈၇ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ပမာဏအားဖြင့် ယခုလက်ရှိ ရှိနေသည့် ၄၀ ဦးမှ ၃၀၇ ဦးအထိ တိုးတက်လာမည်ဟု Wealth-X က ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို စီးပွားရေး မြေရိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုတယ်လုပ်ငန်းများ၊ နေထိုင်စရာ ဆောက်လုပ်ခြင်း လုပ်ငန်းများ၊ သစ်အချောထည် ထုတ်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများကလည်း ချမ်းသာကြွယ်ဝသူများကို ပိုမိုချမ်းသာ လာစေမည်ဟု သိရသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ခဲ့ရသည့် နိုင်ငံဖြစ်နေသည့်အတွက် လူနေမှု မညီမျှမှုများက ကြုံတွေ့နေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံသား ၂၆ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေနေဆဲဖြစ်ပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိကြောင်း၊ လူအများစု၏ တစ်ဦးချင်း တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၀၀၀ အကြားတွင်သာ ရှိကြောင်း ကမ္ဘာ့ဘဏ်မှ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မတိုင်မီအထိ အပြောင်းအလဲ မရှိခဲ့ဘဲ ၂၀၁၁ ခုနှစ်မှ ယခုအချိန်အထိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ ကော်ပိုရေးရှင်း အချို့လည်း ၀င်ရောက်လာပြီ ဖြစ်သည်။

အာရှဖွံ့ဖြိုးမှု ဘဏ်ကလည်း မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေမှာ ၂၀၃၀ ပြည့်နှစ်တွင် သုံးဆအထိ တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။

Eleven Media Group

No comments:

Post a Comment